နေပြည်တော်    ၁၅  မေ

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူများက မြေခွန်ပေးသွင်းခြင်း ကိစ္စနှင့်ပတ်သက်၍  ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့၏ သုံးသပ်ချက်များအပေါ်  ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် ဆိုင်ရာ လုပ်ငန်းစဉ်များကို  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန  တိုင်းဒေသကြီး၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဦးစီးမှူးများနှင့် နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည့် ကာလ ကန့်သတ်ချက်များကို ဥပဒေနည်းဥပဒေတို့တွင် ပြဌာန်းထားပြီးဖြစ်သည့်အတိုင်း ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ ထိုက်သင့်သည့်ကာလအတွင်း လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ရန် တာဝန်ရှိသူ အဆင့်ဆင့်တို့က ကြပ်မတ်နှိုးဆော်တိုက်တွန်းခြင်း လုပ်ငန်းကိုပါ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များ၏ သဘောထားရရှိပြီးပါက စီမံခန့်ခွဲရေးကော်မတီများကလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (က)နှင့်အညီ မိမိတို့ ခွင့်ပြုပေးနိုင်သည့် ပမာဏအရ ခွင့်ပြုပေးခြင်း၊ ငြင်းပယ်ခြင်း၊ မိမိတို့ ခွင့်ပြုပေးနိုင်သည့် ပမာဏထက် ကျော်လွန်နေပါက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်နှင့် ဗဟိုကော်မတီသို့ တင်ပြပေးရမည်ဖြစ်ကြောင်း၊ မလိုလားအပ်သော လုပ်ငန်းနှောင့်နှေး ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ပေးကြရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

 

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

 

မြေလွတ်၊ မြေလပ်နှင့ ်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေးတွင် စိုက်ပျိုးမှု တည်ငြိမ်လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားလာမှုများအပေါ် ခွင့်ပြုပေးနိုင်ရေးနှင့် မြေခွန်တော် ကြွေးကျန်များ အပြေအကြေကောက်ခံရရှိနိုင်ရန် စီမံဆောင်ရွက်နေမှုကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားသည့် အမှုတွဲများ၊ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား ပြန်လည် အပ်နှံခွင့်ပြုရန် လျှောက်ထားမှုများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းရန်ကိစ္စရပ်များ၊ လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် ခွင့်ပြုမိန့် ပြင်ဆင်ထုတ်ပေးရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြ ကြောင်းနှင့် ယနေ့ အစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သတ်မှတ်ကာလ ကျော်လွန်သည် အထိ လုပ်ကိုင်မှုမရှိသော မြေ(၁၁၈၈)ဧကအား ပြန်လည်သိမ်းဆည်းလိုက်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် စည်းကမ်း ညီညွတ်မှုမရှိသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာ စုစုပေါင်း (၁၅၅၁၁၆၉) ဧက ရှိပြီဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်