နေပြည်တော် ၁၅  မေ

 

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်နေသော ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀)ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) ကင်းလွတ်ခွင့်ပေးမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၌ ယနေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်(လျှပ်စစ်) ဦးစိုးမြင့်က ရှင်းလင်းပြောကြားသည်။

 

သတင်းစာရှင်းလင်းပွဲ၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလအတွင်း လျှပ်စစ် ဓာတ်အားခ(၁၅၀)ယူနစ် လျော့ချပေးခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ဧပြီ ၇ ရက်တွင် ပြည်သူသို့ အသိပေး တင်ပြချက်ထုတ်ပြန်ခဲ့မှု အခြေအနေများ၊  နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေများ၊ ဓာတ်အားခ ကောက်ယူမှုစနစ်များ၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေသော ကာလအတွင်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားပေးစက်ရုံများရှိ လျှပ်စစ်ဝန်ထမ်းများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ အနာဂါတ်ကာလ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသည်။

 

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်