နေပြည်တော်   ၁၅  မေ   

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက် ရှိသည့် လအိ-စိန်မော့ မြေသားလမ်း (၄/၀) မိုင်အနက် (၃/၀)မိုင် ကျောက်ခင်းပြီး ကျန် (၁/၀)မိုင် အပြီးသတ် ကျောက်ခင်း ခြင်းလုပ်ငန်းနှင့် လအိ-စိန်မော့- ယန်းယော-လန်းကော- ဘူးဗြ-ဆောင်ဒူ- တိုတန် (၁၉/၀) မိုင်အနက် (၃/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးသည်။

 

အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းဒေသများ၌ ဒေသထွက်ကုန်သီးနှံများ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတာ့မည်ဖြစ်ကာ လန်းကောကျေးရွာ၌ တည်ရှိသည့် လန်းကောရေတံခွန်သို့လည်း ခရီးသွား ပြည်သူများ အလွယ်တကူ လာရောက်အပန်းဖြေနိုင်မည်ဖြစ်သဖြင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်