ရန်ကုန် ၁၅ မေ
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Quarantine Center များတွင် လုပ်အားပေးဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လုပ်အားပေးဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၌ ပြုလုပ်သည်။
ဆင့်ပွားသင်တန်း ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားသည်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က “ မေ ၁၆ ရက်နဲ့ ၁၇ ရက် နေ့တွေမှာ လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေမှာ နှစ်ရက်ဆက်တိုက် ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်။ စစ်မယ့်အဖွဲ့တွေမှာ တစ်ဖွဲ့မှာ ကျန်းမာရေး ဝန်ထမ်းနှစ်ယောက်၊ စေတနာ့ဝန်ထမ်း (၂)ယောက်နဲ့ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပါမယ်။ ကျန်းမာရေး ဝန်ထမ်းတွေဆိုရင်တော့ သင်တန်းပေးစရာမလိုဘူး။ လုပ်အားပေး စေတနာ့ဝန်ထမ်းတွေ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူး တွေကတော့ သင်တန်းပေးဖို့ လိုတယ်။ လိုတဲ့အခါကျတော့ ဒီလိုမျိုး သင်တန်းတွေပေးရတယ်။ ဒီနေ့ လူမှုဝန်ထမ်း ရုံးမှာတော့ မနက်က လူဦးရေ ၃၀၊ နေ့လည်မှာ လူဦးရေ ၃၀ ကို သင်တန်းပေးတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ လုပ်အားပေးဖို့ စာရင်းပေးထားတဲ့ စေတနာ့ဝန်ထမ်းဦးရေ ၅၀၀၀ ကျော်ရှိပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်တာ အတော်အားရပါတယ်။ ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်လာတာတွေရှိတယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
ဆင့်ပွားသင်တန်းတွင် Communication ဆက်သွယ်ပြောဆိုမှုဆိုင်ရာ၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်း၊ မိမိကိုယ်ကို ရောဂါကာကွယ် နည်းလမ်းများ၊ PPE လက်တွေ့ အသုံးပြုပုံနှင့် အမှိုက်စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာဝဏ္ဏထွန်း က “ မြန်မာနိုင်ငံ ဆရာဝန်အသင်းအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေး ဆရာဝန်တွေကနေ သင်တန်းတွေ ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ ဆရာဝန်မဟုတ်တဲ့ စေတနာ့ ဝန်ထမ်းလုပ်အားပေးတွေကို သင်တန်းပို့ချတာပါ။ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေကို သင်တန်းပို့ချပေးမယ့် ဆရာဝန်တွေကလည်း သင်တန်းတွေတက်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေမှာလည်း ဒီနေ့ကစပြီး သင်တန်းတွေ ပေးနေပါတယ်။ ဒီမှာတော့ အနောက်ပိုင်းခရိုင်အတွင်းမှာရှိတဲ့ စေတနာ့ ဝန်ထမ်းတွေကို သင်တန်း လာရောက်ပို့ချတာဖြစ်ပါတယ်။ PPE ဝတ်စုံ ဝတ်နည်းတွေ သင်ကြားပေးပါတယ်။ ဒီအချိန်မှာ ပြည်သူလူထုက စိုးရိမ် ပူပန်မှုတွေရှိကြတယ်။ ကျန်းမာရေး သွားရောက်စစ် ဆေးတဲ့အခါ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အနှောက်အယှက်မဖြစ်အောင် စိုးရိမ်ပူပန်မှုလျော့ကြအောင် စေတနာ့ဝန်ထမ်းတွေကို နားလည်အောင် အထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း Quarantine Center တွေမှာ လုပ်အားပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေကိုလည်း ဆင့်ပွားသင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ ဖွင့်လှစ်သည့် ဆင့်ပွားသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လုပ်အားပေး ပါဝင် ဆောင်ရွက်ကြမည့် စေတနာ့ဝန်ထမ်း (၃၀)အား မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်များကိုယ်တိုင် သင်တန်းပို့ချ ပေးခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


