နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့
၁။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ပြန့်ပွားမှုများသည် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ချမ်းသာကြွယ်ဝပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံတွင်ပင် ရောဂါဖြစ်ပွားသူ (၁.၃) သန်းကျော်နှင့် သေဆုံးသူ (၈) သောင်းကျော်ရှိကာ ရုရှနိုင်ငံတွင် (၂.၅) သိန်းနှင့် ယူကေနိုင်ငံတွင်လည်း (၂.၃) သိန်းကျော် ရောဂါဖြစ်ပွား ကူးစက်မှုများ ရှိနေပါသည်။
၂။ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာကို (၂၃-၃-၂၀၂၀) ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကာ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၈၁) ဦးရှိပြီး သေဆုံးသူ (၆) ဦးရှိပါသည်။ ယခုရက်သတ္တပတ်အတွင်း လူနာသစ်တွေ့ရှိမှုများ အနည်းငယ် လျော့နည်း ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။
၃။ သို့သော်လည်း -
(က) နိုင်ငံအချို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုများ ကျဆင်းလာသဖြင့် ဖြေလျှော့မှုများ ပြုလုပ်ပြီးနောက် တစ်ကျော့ပြန် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်မားလာနေသည်ကို တွေ့ရှိ နေရခြင်း၊
(ခ) COVID-19 သည် ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားသော ရောဂါသစ်ဖြစ်၍ ယခုအချိန်အထိ ရောဂါ၏ ကူးစက်ပြန့်ပွားမှုပုံသဏ္ဍာန်၊ ပြင်းထန်မှုအတိုင်းအတာ၊ ရောဂါ၏ဖြစ်စဉ် သဘောသဘာဝ (natural history of disease) နှင့် ဗိုင်းရပ်စ်ပိုး၏ အပြုအမူနှင့် သဘောသဘာဝ (virological behaviour) ကို ရာနှုန်းပြည့် မသိရှိရသေးသည့်အပြင် ထူးခြားသော ရောဂါလက္ခဏာအသစ်များလည်း ထပ်မံတွေ့ရှိနေရခြင်းကြောင့် ဆေးပညာရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များက ဆက်လက်လေ့လာနေဆဲဖြစ်ခြင်း၊
(ဂ) မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာများအနက် (၆၂)% ခန့်တွင် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးရှိသည်ကို တွေ့ရှိနေရသည့်အတွက် ပြည်သူလူထုအတွင်း ရောဂါပိုး ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ မပြသသူများ (သို့မဟုတ်) သာမာန်ရောဂါလက္ခဏာများသ ာရှိသူများ ရှိနေနိုင်ခြင်း၊
တို့ကြောင့် ပြည်သူများအနေဖြင့် လုံးဝ မပေါ့ဆစေလိုပါ။
၄။ မည်သူမဆို ရောဂါလက္ခဏာ မပြသသော်လည်း ရောဂါပိုးရှိနေနိုင်ခြင်းကြောင့် မိမိကိုယ်တိုင်၊ မိမိ၏မိသားစုနှင့် မိတ်ဆွေများ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများနှင့် လမ်းညွှန်ချက်များအား အလေးထား၍ တိကျစွာ ဆက်လက်လိုက်နာ ကျင့်သုံးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Ref; Ministry of Health and Sports, Myanmar