နေပြည်တော် ၁၅ မေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ သဘာဝဘေး အန္တရာယ် ကျရောက်ခြင်း ရာသီဥတု ဆိုးဝါးခြင်းများကြောင့် စားနပ်ရိက္ခာများ ရှားပါးပြတ်လပ်လေ့ရှိပြီး အစိုးရ၊ တပ်မတော်နှင့် အလှူရှင်များက နှစ်စဉ်နှစ်တိုင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ရသည်။
ယခုအခါတွင် မဂွေဇ-ခေါင်လန်ဖူး (၆၅/၄) မိုင် လမ်းဖောက်လုပ်ရေး စီမံကိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မဂွေဇမှ မေခမြစ်ဘေး ရီဒမ်းကြိုးတံတားအကျော် (၄၇/၀) မိုင် အထိ ကားလမ်းဖောက်လုပ်ဆဲဖြစ်ပြီး မိုင်တိုင် (၄၇/၀)မိုင်မှ ခေါင်လန်ဖူးအထိ မော်တော် ဆိုင်ကယ်လမ်း (၁၈/၄)မိုင် ကိုလည်း ဖောက်လုပ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ ပူတာအို-မဂွေဇ-မေခမြစ်ကမ်း ရီဒမ်းကြိုးတံတား အရှေ့ဘက်ကမ်း (၁၀၃/၃) မိုင်ခရီးကို မော်တော်ယာဉ်များဖြင့် သွားလာနိုင်ပြီဖြစ်ပြီး ရီဒမ်းကြိုးတံတားမှ ခေါင်လန်ဖူးအထိ မော်တော်ဆိုင်ကယ်များဖြင့် နေ့ချင်းပေါက် သွားလာနိုင်ပြီဖြစ်သည်။
သို့ရာတွင် ခေါင်လန်ဖူးမှ (၃၇) မိုင်ခန့် ကွာဝေးသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် ရှိန်းခေါင်-ဇီးထန် ဒေသများသို့ လည်းကောင်း၊ ခေါင်လန်ဖူးမှ နယ်စပ်မှတ်တိုင် (၃၀/၃၁) တဝိုက်ရှိ လန်ဆယ် အရှေ့ခြမ်းဒေသများရှိ ကျေးရွာများသို့ လည်းကောင်း သွားလာရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ ခက်ခဲနေဆဲဖြစ်ပြီး အဆိုပါဒေသများသို့ ခြေလျင်ခရီးဖြင့်သာ သွားလာနေရဆဲဖြစ်သည်။
ယခုအခါတွင် ရှိန်းခေါင်နှင့် ဇီးထန် ဒေသများအတွင်းရှိ ညီဝမ်ထန်ကျေးရွာအုပ်စု၊ ရနင်ထီ ကျေးရွာအုပ်စု၊ ဇန်ယော့ ကျေးရွာအုပ်စု၊ ချီထုဖန်ကျေးရွာအုပ်စု၊ ရမန်ချီကျေးရွာအုပ်စု၊ ဇီးထန်ကျေးရွာအုပ်စု၊ ဒါလန်ကျေးရွာအုပ်စု၊ လားတားကော်ကျေးရွာအုပ်စုများ၊ လန်ဆယ်အရှေ့ခြမ်း ဒေသများရှိ ထဖုံးကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စု၊ နမ်ချိန်ကျေးရွာ အုပ်စုနှင့် ရှီးလန်ဒမ်းကျေးရွာအုပ်စုများ စသည့် ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ရာသီဥတု ဆိုးဝါးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ ယခုလတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှု များနှင့် ကြုံတွေ့နေရမှုအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရေးပေါ် လတ်တလော လိုအပ်ချက်အရ သက်ဆိုင်ရာ ဒေသနေရာ အရောက် ထောက်ပံ့မည့် ဆန်အိတ် (၁,၀၀၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ (မလိခခန်းမ) ၌ ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းက အရေးပေါ် ထောက်ပံ့ရခြင်းကို ရှင်းလင်းတင်ပြကာ အရေးပေါ်ထောက်ပံ့သည့် ဆန်အိတ် (၁,၀၀၀)ကို ညွှန်ကြားရေးမှူး ဦးကျော်မင်း က ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရေးပေါ် ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို မြစ်ကြီးနား-ပူတာအို-မဂွေဇ-ခေါင်လန်ဖူး-ရှိန်းခေါင် (မြန်မာ-တရုတ်နယ်စပ်) လမ်းကြောင်းမှ ရှိန်းခေါင်-ဇီးထန် ဒေသတဝိုက်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ ဒေသခံပြည်သူလူထု (၉,၈၈၀) အတွက် လတ်တလော လိုအပ်သည့် ဆန်အိတ် (၈၀၀)ကိုလည်းကောင်း၊ မြစ်ကြီးနား-ချီဖွေ- ဖီမော်-လန်ဆယ်- တထုံစင် လမ်းကြောင်းမှ နယ်စပ်မှတ်တိုင် (၃၀/၃၁) တဝိုက်ရှိ ကျေးရွာ အုပ်စု (၄)အုပ်စုမှ ဒေသခံပြည်သူလူထု (၁,၈၀၈) ဦးအတွက် လတ်တလောလိုအပ်သည့် ဆန်အိတ် (၂၀၀) ကို လည်းကောင်း၊ စုစုပေါင်းဆန်အိတ် (၁,၀၀၀) ကို ဒေသခံပြည်သူများ လက်ဝယ်သို့ ချောမောစွာရောက်ရှိ ဖြန့်ဝေပေးနိုင်ရေး တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်းပြီး ပေးပို့သွားမည် ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်သည့် စီမံကိန်းပြီးစီးပါက အဆိုပါ နယ်စပ်ဒေသများဖြစ်သော ရှိန်းခေါင်ဒေသ၊ ဇီးထန်ဒေသနှင့် လန်ဆယ်အရှေ့ခြမ်း ဒေသများသို့ ဌာနပိုင် စက်ယန္တရားကြီးများဖြင့် လမ်းဖောက်လုပ်ရေး စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရသည်။
သတင်းစဉ်


