ချင်းရွှေဟော် ၁၅ မေ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ မေ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား (၄၃၂၅) ဦးရှိကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသော နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမားများကို ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ အတွင်းရေးမှူး ချင်းရွှေဟော်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာသီဟနှင့် ကော်မတီအဖွဲ့ဝင်များမှ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ ရောဂါလက္ခဏာ ရှိ မရှိ စစ်ဆေးခြင်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော ပြောပေးခြင်း၊ စနစ်တကျ လက်ဆေးနိုင်ရန် လက်ဆေးစင်များနှင့် Hand Gel များ ထားရှိပေးခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းများနှင့် လိုအပ်သည် များ ကူညီဆောင်ရွက်ပေးကာ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျချိတ်ဆက်ပြီး ဧပြီ ၃၀ ရက်နေ့မှ စတင်၍ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန် ရွေ့ပြောင်းအလုပ်သမားများမှာ မေ ၁၅ ရက်နေ့အထိ အမျိုးသား (၂၅၆၇)ဦး၊ အမျိုးသမီး (၁၇၅၈)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီးမှ (၂၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၈၀၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၆၀၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၇၇၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၉၄၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၆၂)ဦး၊ ကချင်ပြည်နယ်မှ (၄၁)ဦး၊ ချင်းပြည်နယ်မှ (၂၅)ဦး၊ ကရင်ပြည်နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ်မှ(၇၇၆) ဦး၊ မွန်ပြည်နယ်မှ (၁) ဦး၊ ရခိုင်ပြည်နယ်မှ (၆၅)ဦးနှင့် နေပြည်တော်မှ (၁၀၃)ဦး စုစုပေါင်း နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမား (၄၃၂၅)ဦး တို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


