မြဝတီ  ၁၅  မေ

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့တွင်  ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသော မြန်မာနိုင်ငံသား ၁၂၀ အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တတိယအကြိမ်အဖြစ် လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန် အတွက် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှ စတင်လက်ခံခဲ့ရာ ယခုကဲ့သို့ ပြစ်ဒဏ်ကျခံရသူများ အား လာရောက်လွှဲပြောင်းပေးခြင်းသည် တတိယအကြိမ် ဖြစ်သည်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်တွင် ၆၀ ဦး၊ မေ ၂ ရက်တွင် ၅၄ ဦး၊ မေ ၃ ရက်တွင် ၁ ဦး၊ မေ ၄ ရက်တွင် ၄၄ ဦး၊ မေ ၅ ရက်တွင် ၂၃ ဦး၊ မေ ၆ ရက်နှင့် မေ ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက်တွင် ၁၀၀ ၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊  မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊ ယနေ့တွင် ၁၂၀  ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၅၅၄ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

ယနေ့ လာရောက်လွှဲပြောင်းသူများအနေဖြင့် ကချင်ပြည်နယ်မှ ၃ ဦး၊ ကရင်ပြည်နယ်မှ ၁၈ ဦး၊ မွန်ပြည်နယ်မှ ၂၈ ဦး၊  ပဲခူးတိုင်းဒေသကြီးမှ ၁၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅ ၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ ရှမ်းပြည်နယ်မှ ၁၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၃ ဦး၊ ရခိုင်ပြည်နယ်မှ ၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၅ ဦး စုစုပေါင်း လူဦးရေ ၁၂၀ ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)