နေပြည်တော် ၁၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယွန်းဒေသနှင့် မိုင်းလားဒေသများသို့ ရောက်ရှိနေသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များသည် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် တိုင်းစစ်ဌာနချုပ် ဆေးအဖွဲ့က မိုင်းယွန်း ပြည်သူ့ဆေးရုံ၌ UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ Quarantine ပြုလုပ်ထား ရှိသည့် မိုင်းလားမြို့ ပါခါးကျေးရွာ တိုင်းရင်းသားကျောင်း၊ နမ့်ပန်းဒေသရှိ အခြေခံပညာ မူလတန်းကျောင်း (နမ့်ပန်း - တရုတ် မြန်မာ စာသင်ကျောင်း)နှင့် ပါမူးကျေးရွာတို့၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများ၊ ဒေသခံပြည်သူများအား လည်းကောင်း၊ NDAA (မိုင်းလား)အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအားလည်းကောင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


