မြဝတီ ၁၅ မေ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လေပြင်းတိုက်ခက်မှုကြောင့် ကျေးရွာအချို့မှ လူနေအိမ်အချို့ ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများနှင့် မိုးကြိုးထိမှန် သေဆုံးသူအတွက် မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်စုပေါင်းရုံးတွင် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဖလူးကျေးရွာအုပ်စု၊ ဖလူးကျေးရွာနှင့် ကျောက်ခတ်ကျေးရွာ တို့တွင် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀)ဦးတို့ လေဘေးဒဏ်သင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေဘေးသင့်မိသားစုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၈၀ဝ၀ဝ)၊ ဆန်ရိက္ခာ (၇)စာဖိုး ထောက်ပံ့ငွေကျပ်(၂၁၀ဝဝ)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂ဝ၁ဝဝဝ) အား ယနေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ မဲ့ပလဲကျေးရွာနှင့် စံပါလိုက်ကျေးရွားကြား၊ ပွေ့ကော်ဘုန်းကြီးကျောင်းကုန်းတွင် မေ ၁၃ ရက်က မနော်အဲ့ဆဲ အသက်(၂၅)နှစ်သည် မိုးရွာနေစဉ် နေအိမ်၌ ဟန်းဖုန်းအသုံးပြုနေရာမှ မိုးကြိုးထိမှန် သေဆုံးခဲ့သောကြောင့် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေကျပ် (၃၀ဝ,ဝဝဝ)အား ယမန်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


