မေ ၁၆

ယခုနှစ် မိုးကြိုရာသီ၏ ဒုတိယမြောက် လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိရန် အားယူနေပြန်ပြီဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် သန္ဓေတည်ဖြစ်ပေါ်သည့် ဆိုင်ကလုန်းမုန်တိုင်းတို့၏ သဘော သဘာဝအရ ကုန်းတွင်းသို့ ဝင်ရောက်ရာတွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသများ၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသ၊ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတို့ကို ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်ကြသည်။ မုန်တိုင်းအများစုက အိန္ဒိယသို့မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်သို့သာ ဝင်ရောက်ကြပြီး မြန်မာ့ကမ်းရိုးတန်းများဘက်သို့ ရာခိုင်နှုန်း ၂၀ ဝန်းကျင်ခန့်သာ ဝင်ရောက်ကြသည်ဟု ဆိုသည်။

 

မုန်တိုင်းတစ်ခုကုန်းတွင်းသို့ ဝင်ရောက်ပါက ကမ်းရိုးတန်းဒေသများတွင်ရော မုန်တိုင်းဖြတ်သန်းရာ ကုန်းတွင်းဒေသများသို့ပါ အကျိုးသက်ရောက်မှုရှိသည်။ မုန်တိုင်းကျရောက်လာသည့်အခါ ပြင်းထန်သည့် လေတိုက်ခတ်မှုနှင့် လေဖိအား၊ မုန်တိုင်းဒီရေ မုန်တိုင်းမိုးရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးနှင့် ဓာတ်အားစသည်တို့ ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြို၊ တောင်ပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များနှင့်အတူ လူနှင့် တိရစ္ဆာန်တို့ သေကျေပျက်စီးမှုများပါ ဖြစ်ပေါ်လေ့ရှိတတ်သည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ဘေးဒဏ်ခံရနိုင်ခြေ အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်သည့်အလျောက် မုန်တိုင်းရာသီများဖြစ်သည့် မိုးကြိုကာလများနှင့် မိုးနှောင်းကာလများတွင် အထူးသတိထားကြရမည် ဖြစ်သည်။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်မီ အလားအလာရှိသည့် အခြေအနေမှသည် မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ကုန်းတွင်းသို့ ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားသည့်အချိန်အထိ ဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိရာ စဉ်ဆက်မပြတ် စောင့်ကြည့်နေကြဖို့ လိုသည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် နေထိုင်ကြသူများ၊ ရေကြောင်းခရီး သွားလာနေကြသူများ၊ ငါးဖမ်းသင်္ဘော၊ ငါးဖမ်းလှေများ အပါအဝင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများမှာ မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေကြရမည်ဖြစ်သည်။

 

ယခုနှစ်မုန်တိုင်းရာသီတွင် ထူးခြားချက်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး ပြုလုပ်နေသည့်ကာလနှင့် တိုက်ဆိုင်နေခြင်းဖြစ်သည့်အတွက် အကယ်၍ မုန်တိုင်းဝင်ရောက်ခြင်း သို့မဟုတ် မုန်တိုင်း၏ အကျိုးသက်ရောက်မှုများ ကြုံတွေ့ရခြင်းတို့ ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့် သဘာဝ ဘေးအန္တရာယ်နှစ်ခုကို တစ်ပြိုင်တည်း ရင်ဆိုင်ကြရသည့်အ ခြေအနေပင်ဖြစ်သည်။ ယင်းသို့သော အခြေအနေမျိုးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက အကြံပြုထားသော အချက်အလက် (၉) ချက်ကို သတင်း မီဒီယာများတွင် ဖော်ပြပေးလျက်ရှိရာ မှတ်သားဆောင်ရွက်ကြခြင်းဖြင့် ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်ကြမည် ဖြစ်သည်။ ၎င်းဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနကလည်း သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာနိုင်မှုနှင့် ထိခိုက်နိုင်မှုတို့ကို အချိန်နှင့်တစ်ပြေးညီ လေ့လာဆန်းစစ် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အမြော်အမြင်ရှိရှိဖြင့် ပြုလုပ်ထားကြရမည်ဖြစ်သည်။

 

မုန်တိုင်းသည် အဖျက်စွမ်းအားများကိုသာ သယ်ဆောင်လာခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အပူရှိန်မြင့်မားသည့် နွေလယ်ကာလများအတွက် အပူလျော့ပါး အေးမြမှုနှင့်အတူ ခြောက်သွေ့ရာသီကို စိုပြည်စေမည့် မိုးရေများလည်း ရွာသွန်းကာ တောတောင်ရေမြေတို့ကို စိမ်းလန်းစေမည် ဖြစ်သည့်အလျောက် လူသားတို့၏ အသိဉာဏ်စွမ်းပကားဖြင့် အဖျက်စွမ်းအားတို့ကို ကျော်လွှားနိုင်ပါ စေကြောင်း။ ။

 

မြန်မာ့အလင်း