၁၆  မေ

 

အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ခံစားနေရတာကြောင့် သတိထားကုသဖို့ပဲဖြစ်ဖြစ် သိထားချင်တဲ့ အချက်လေးတွေရှိရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

 

ဦးနှောက်အမြှေးရောင်ခြင်း

 

ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမြှေးပါးနဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကို ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။

 

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

 

ဦးနှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ပါဘူး။ တစ်ခါတလေမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပြန်သက်သာသွားတာမျိုးတောင်ရှိနိုင်ပါတယ်။

 

မှိုပိုးကူးစက်တာကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက ဖြစ်ခဲတဲ့အခြေအနေတစ်ရပ်ပါ။ ဒီအမျိုးအစား ဦးနှောက်အမြှေးရောင်တာက ကိုယ်ခံအားနည်းသူတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

 

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ…………….

 

ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရတဲ့အခါ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ

•           အာရုံရှုပ်ထွေးတာ

•           အဖျားတက်တာ

•           ခေါင်းကိုက်တာ

•           မျက်နှာမှာ ထုံကျဉ်တာ

•           အလင်းရောင်ဒဏ် မခံနိုင်တာ

•           ခေါင်ကို အောက်ငုံ့ လို့မရအောင် ဇက်ကြောကြီးတောင့်တင်းနေတာ

•           ဗိုက်ထဲကအောင့်တာ

•           အော့အန်တာ

•           ရုတ်တရက်အဖျားတက်တာ

•           ခေါင်းက မခံမရပ်နိုင်အောင် ကိုက်တာ

•           မအီမသာဖြစ်တာ

•           အာရုံစူးစိုက်လို့မရတာ

•           တက်တာ

•           တစ်ချိန်လုံးအိပ်နေတာ

•           ရေအရမ်းငတ်တာ

•           အစားစားချင်စိတ်မရှိတာ

•           အရေပြားမှာ အနီရောင် အင်ပျဉ်တွေထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

 

မွေးကင်းစ ကလေးငယ်တွေမှာဆိုရင်

 

မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်အမြှေးရောင်ရောဂါခံစားရတဲ့အခါ

•           အဖျားကြီးမယ်

•           မရပ်မနားငိုနေမယ်

•           အရမ်းအိပ်နေမယ်

•           မှိန်းနေမယ်

•           နို့မစို့ဘဲဖြစ်နေမယ်

•           ငယ်ထိပ်လေးက ဖောင်းနေမယ်

•           လည်ပင်းနဲ့ တစ်ကိုယ်လုံးက တောင့်တင်းနေမယ်ဆိုရင်တော့ ဘေဘီလေးက ဦးနှောက်အမြှေးရောင်ရောဂါ ခံစားနေရတာပါ။

 

ဘယ်လိုအခြေအနေဆို ချက်ချင်းကုသမှုခံယူဖို့လိုနေပြီလဲ………….

 

တကယ်လို့ အခုလို လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်တော့  နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားရောက် ကုသမှုခံယူဖို့ လိုပါပြီ။

•           အဖျားအရမ်းကြီးနေမယ်

•           ခေါင်းက မခံမရပ်နိုင်အောင် ကိုက်မယ်

•           အာရုံတွေ ရှုပ်ထွေးမယ်

•           အော့အန်မယ်

•           လည်ပင်းကြီးကတောင့်နေမယ်ဆိုရင်တော့ ချက်ချင်းသွားပြပေးဖို့လိုပါမယ်။

 

ဘယ်သူတွေမှာ အဖြစ်များလဲ………

 

ဦးနှောက်အမြှေးရောင်ရောဂါက လူတိုင်းမှာဖြစ်နိုင်ပေမယ့်

•           အသက် ၅ နှစ်အောက် ဘေဘီလေးတွေ

•           အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား လူလတ်ပိုင်းတွေ

•           အသက် ၅၅ နှစ်နဲ့အထက် လူကြီးတွေ

•           ကိုယ်ဝန်ဆောင် မေမေတွေက အခြားသူတွေထက် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

 

ဘာတွေကများ ဦးနှောက်အမြှေးရောင်တာကို ဖြစ်စေတာလဲ…………..

 

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက

ကာကွယ်ဆေး မထိုးမိတာ– ငယ်စဉ် နဲ့ ဆယ်ကျော်သက်အရွယ်မှာ ကာကွယ်ဆေးတွေကို အပြည့်အစုံမထိုးမိခဲ့တာ

အသက်အရွယ်– ဦးနှောက်အမြှေးရောင်ရောဂါက များသောအားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်က အသက် ၂၀ အောက်တွေမှာ အဖြစ်များပါတယ်။

 

လူစုလူဝေးနဲ့ နေထိုင်သူတွေ– ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတိုင်းက ကိုယ်ခံအားက ပုံမှန်ထက်နည်းနေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ listeria ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားရနိုင်ခြေများပါတယ်။ ဒီဘက်တီးရီးယားတွေက ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲမွေးဖွားတာ၊ ကလေးအသေမွေးဖွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

 

ကိုယ်ခံအား နည်းသူတွေ– ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေ၊ အရက်စွဲနေသူတွေ၊ ကိုယ်ခံအားကို သက်ရောက်မှုရှိနိုင်တဲ့ ဆေးဝါးသောက်သုံးနေရသူတွေ၊ အခြား ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရသူတွေ (ဆီးချို ရောဂါခံစားနေရသူတွေ) မှာလည်း ဦးနှောက်အမြှေးရောင်ရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။

 

နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ………..

 

ဦးနှောက်အမြှေးရောင်ရောဂါကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ကုသဖို့ နောက်ကျလေလေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်က ပြင်းထန်လေလေပါ။

•           အတက်ရောဂါဝင်တာ

•           အာရုံကြောထိခိုက်ပျက်စီးတာ

•           အကြားအာရုံ ဆုံးရှုံးတာ

•           သင်ကြားမှုပိုင်းမှာ အခက်အခဲရှိတာ

•           ဦးနှောက် ထိခိုက်ပျက်စီးတာ

•           လမ်းလျှောက်တဲ့အခါ ပြဿနာရှိမယ်

•           ကျောက်ကပ် ပျက်စီးမယ်

•           သတိလစ်မယ်

•           သေဆုံးမယ် စတာတွေကို ခံစားရနိုင်ပါတယ်။

ချက်ချင်း ထိရောက်တဲ့ ကုသမှုကို ခံယူမယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါက ပြန်ကောင်းလာနိုင်ပါတယ်။

 

ဘယ်လို ကာကွယ်မလဲ…….

 

ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက

•           ချောင်းဆိုးတာ၊

•           နှာချေတာ၊

•           နမ်းရှုတ်တာ၊

•           တစ်ဇွန်းတည်းအတူတူစားသောက်တာ၊

•           သွားတိုက်တံ အတူတူသုံးတာ၊

•           စီးကရက် တစ်လိပ်တည်းကို အတူတူသောက်တာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။

 

ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးသော နည်းလမ်းဆိုတဲ့အတိုင်း ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်စေဖို့ဆိုရင်

 

လက်တွေကို မကြာခဏဆေးကြောပါ – လက်ကိုသေချာဆေးကြောတာက ပိုးမွှားတွေ မပြန့်ပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုလည်း အစားမစားခင်၊ အိမ်သာကအဆင်း။ အပြင်ကပြန်လာတိုင်း၊ တိရစ္ဆာန်လေးတွေကို ကိုင်ပြီးတိုင်း လက်ကို သေချာလေးဆေးကြောတတ်အောင် သင်ပေးပါ။

 

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ– တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ကိုယ်ပိုင်ထားပါ။ ကလေးကိုလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးတတ်တဲ့ အကျင့်မရှိအောင် သေချာလေး သင်ပေးထားပါ။

 

ကျန်းမာအောင်နေပါ– ကိုယ်ခံအားကောင်းစေဖို့အတွက် လုံလောက်ပြည့်ဝစွာ အနားယူပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်အာင်စားသုံးပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ထမင်း၊ ဂျုံစတာတွေကို များများစားပေးပါ။

 

ပါးစပ် နဲ့ နှာခေါင်းကို ဖုံးအုပ်ပါ – ချောင်းဆိုး။ နှာချေတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကို သေချာလေး အုပ်ပါ။

 

ကိုယ်ဝန်ဆောင် မေမေတို့အနေနဲ့ အစားအသောက် ဂရုစိုက်ပါ– ကိုယ်ဝန်ဆောင်ဖြစ်မယ်ဆိုရင် အသားတွေကို ကျက်အောင်ချက်ပါ။ ပြုပြင်ထားတဲ့အသားတွေကို မစားပါနဲ့။ ပိုးသတ်ထားတဲ့နို့တွေကိုပဲ သောက်သုံးပါ။ အာဟာရပြည့်ဝအောင် စားပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”