ပဲခူး   ၁၆   မေ

 

ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၊ ဆေးရုံအုပ်ကြီးရုံးခန်း၌ မေ ၁၅ ရက်နေ့ ည ၁၁ နာရီက ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒနှင့် တပည့်ဒါယိကာ/ ဒါယိကာမများမှ Mobile Toilet များနှင့် ဖြည့်စွက်စာပုံးများ လာရောက်လှူဒါန်းမှုပြုလုပ်ကြသည်။

 

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အပါအဝင် လိုအပ်သော ကုသဆောင်/ ဌာနများတွင် အသုံးပြုနိုင်ရေးအတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒနှင့် တပည့်ဒါယကာ/ ဒါယိကာမများဖြစ်ကြသည့် မြဝတီမြို့နေ ဦးတင်မြင့်ဦး+ ဒေါ်ခင်လေးသက်မိသားစု၊ ရန်ကုန်မြို့နေဦးတင်မောင်သိန်း (အကောက်ခွန်မှူး-ငြိမ်း)၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတို့က Mobile Toilet (၆)လုံးနှင့် တန်ဖိုး ငွေကျပ်သိန်း(၁၅၀)ခန့်ရှိ ဖြည့်စွက်စာပုံး(၈၀)တို့အား လှူဒါန်းပေးခြင်းဖြစ်ပြီး အဆိုပါ Mobile Toilet များကို ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးနှင့် Isolation Unit (ကလိ)တို့တွင် ထားရှိအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း မိသားစုက တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့်ရှိ ECG စက်(၁)လုံး၊ အဲယာကွန်းတစ်ကောင်ခွဲ(၂)လုံး၊ Water Cooler (၁)လုံး၊ ပန်ကာ(၁)လုံးတို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစာရင်းစစ် ချုပ်ရုံးမှညွှန်ကြားရေးမှူး ဒေါ်မာမာအေးမိသားစုမှ အဲယားကွန်း (၁)လုံးတို့ကို လာရောက်လှူဒါန်းပေးကြရာ ပဲခူးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)