ဘုတလင် ၁၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ဦးဆောင်ပြီး နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)ကို မေ ၁၆ ရက်၊ နံနက် ၇ နာရီခွဲအချိန်က မြို့မဈေးရှေ့တွင် ပြုလုပ်ပြီး ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်း ၁၀၀၀ ကျော်ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)တွင် ဘုတလင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ကော်မတီဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးတို့ကို Hand Speaker များဖြင့် ကြေညာပေးပြီး ဗီနိုင်း ပိုစတာများဖြင့် အသိပညာပေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော လက်ကမ်း စာစောင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


