စစ်ကိုင်း  ၁၆  မေ

 

စစ်ကိုင်းမြို့နယ် အုန်းတောနယ်မြေ မီးသတ်စခန်း၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ ရွှေဘို-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်(၃၃/၄)အနီး ဆီသည်ဘောက်ဆာယာဉ်သည် မေ ၁၆ ရက်၊ နံနက် ၅  နာရီ ၄၅ မိနစ်အချိန်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးရှိ ထနောင်းပင်သို့ဝင်ရောက် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရွှေဘိုမှ မန္တလေးသို့ စက်သုံးဆီသယ်ယူရန် ယာဉ်မောင်း ဦးညိုထွန်း၊ ချီပါစုရပ်၊ ရွှေဘိုမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ထက်ဦး၊ မင်းကုန်းကျေးရွာ၊ ရွှေဘိုမြို့နေသူ လိုက်ပါလာသော ဆီသယ်ဘောက်ဆာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ လုံးပတ်(၃)ပေ ပတ်လည်ခန့်ရှိ ထနောင်းပင်သို့ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့သည်။

 

အခင်းဖြစ်ရာနေရာသို့ ဆားတောင်မြို့အုပ်ချုပ်ရေးမှူးဦးဇော်မျိုးမင်းနှင့်အဖွဲ့များ၊ ဆားတောင် နယ်မြေရဲစခန်းမှ ရဲအုပ်စောထွန်းလှနှင့်အဖွဲ့များ၊ အုန်းတောနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဇီဝိတပါလ နာမှုကူညီရေးအသင်းသားများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ချက်ခြင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးညိုထွန်းမှာ ခြေထောက်ညှပ်မိ ဒဏ်ရာရရှိခဲ့ပြီး(မစိုးရိမ်ရ)၊ယာဉ် နောက်လိုက်မှာ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရှိရပြီး ယာဉ်မောင်းအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား ဆားတောင်နယ်မြေရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဇော်မြင့်နိုင်