လန်ဒန်  ၁၆ မေ

ဗြိတိန်နိုင်ငံကို ရောက်ရှိလာမယ့် ပြင်သစ်ခရီးသွားတွေကိုလည်း သီတင်းနှစ်ပတ် သီးသန့်ခွဲခြားထားရှိပြီး စောင့်ကြည့်သွားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့မှာ ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ကြေညာခဲ့တဲ့ ဗြိတိန်-ပြင်သစ် နှစ်နိုင်ငံကြားမှာ သီးသန့်ခွဲခြားစောင့်ကြည့်ဖို့ မလိုဘူးဆိုတဲ့ ထုတ်ပြန်ချက်ကို ခြေတစ်လှမ်းနောက်ဆုတ်တဲ့အနေနဲ့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေပိုင်းက နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ကြည့်မယ်ဆိုရင် သီးသန့်ခွဲခြားပြီး စောင့်ကြည့်မယ့် အစီစဉ်အကြောင်းမပါရှိကြောင်း၊ ပြင်သစ်ကို ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ကြောင်း၊ လာမယ့်သီတင်းပတ်တွေအတွင်းမှာ နှစ်နိုင်ငံအတူ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံခြားမှာ လုပ်ငန်းဖော်ဆောင်ရေးညှိနှိုင်းအဖွဲ့ ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားကြောင်း   ပြောခွင့်ရသူက ထည့်သွင်း ပြောကြားသွားပါတယ်။

 

ဝန်ကြီးချုပ် ဂျွန်ဆင်က ဗြိတိန်နိုင်ငံကို ရောက်ရှိလာမယ့် နိုင်ငံတကာခရီးသွားတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန်အတွက် သီတင်းနှစ်ပတ် သီးသန့်ခွဲခြားထားပြီး စောင့်ကြည့်သွားဖို့ စဉ်းစားနေကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

 

အဲဒီနေ့မှာပဲ ပြင်သစ်သမ္မတနဲ့ တယ်လီဖုန်းဖြင့်ဆွေးနွေးအပြီး ပြင်သစ်နိုင်ငံက လာရောက်မယ့် သူတွေကို အခုအခြေအနေမှာ သီးသန့်ခွဲခြားထားဖို့ မရှိသေးကြောင်း ပြောပါတယ်။

 

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြင်သစ်နိုင်ငံသားတွေကို သီးသန့်ခွဲခြားစောင့်ကြည့်ဖို့ အခုအခြေအနေအထိ မရှိသေးကြောင်း၊ သီးသန့်ခွဲခြား စောင့်ကြည့်ရေးအသေးစိတ်ကို ထပ်မံထုတ်ပြန်ဖို့ရှိကြောင်း ပါရှိပါတယ်။

MDN

ကိုးကား- AFP