အောင်လံ  ၁၆   မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သပြေပင်ကျေးရွာနှင့် သစ်စိမ့်ပင်ကျေးရွာ ဆက်သွယ်သော ‌မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများမှ ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ချောစုခိုင်တို့မှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လမ်း‌ရေရှည် တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး က ဆွေးနွေးမှာကြားသည်။

 

အဆိုပါကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်းမှာ အရှည် ၅၂၈၀ ပေ၊ အကျယ် ၁၂ပေ၊ ထု ကိုးလက်မအား ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေ ၂၃ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ်မတ်လအတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သောကြောင့် အိမ်ခြေ ၈၄ အိမ်မှ လူဦးရေ ၃၅၂ ဦးတို့၏ လူမှုရေး စီးပွားရေး လုပ်ငန်းများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး အကျိုးပြုမည် ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး ကပြောပြသည်။

Source - ငြိမ်းသူ(စလင်း)