မိတ္ထီလာ ၁၆ မေ
မိတ္ထီလာမြို့နယ်၌ ပြန်လည်ပြေးဆွဲခွင့်ရရှိသည့် ခရီးသည်တင်ယာဉ်လိုင်းများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် သတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲစေရန် မေ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ခရီးသည်တင် ယာဉ်လိုင်း ၄၆ လိုင်းရှိသည့်အနက် ပြန်လည်ပြေးဆွဲခွင့်ရရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြင်းခြံမြို့များနှင့် မြို့တွင်းသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း (၂၆)လိုင်းရှိရာ ၎င်းခရီးသည်တင် ယာဉ်လိုင်းများမှာ မေလ ၁၆ ရက်နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲလျက်ရှိသည်။
ထိုသို့ ခရီးသည်တင် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရာတွင် ကိုဗစ်-၁၉ရောဂါကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် ယာဉ်ပိုင်ရှင်များ၊ ယာဉ်ဝန်ထမ်းများ၊ ခရီးသည်များ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် ခရီးသည်တင်ဆောင်ရာတွင် လူစုလူဝေးမရှိစေရန် ခရီးသည် တစ်ဝက်သာ တင်ဆောင်ခွင့်ပြုပြီး ခရီးစရိတ်ကို နှစ်ဆသတ်မှတ် ကောက်ခံ၍ ပြေးဆွဲခြင်းနှင့် ကားဂိတ်များတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ခရီးသည်များ လက်ဆေးနိုင်ရန် လက်ဆေးကန်များ ထားရှိစေသည့်အပြင် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုစေရန် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနနှင့် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ခဲ့ကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


