မြင်းခြံ ၁၆ မေ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေလျှော့မှုကြောင့် မြင်းခြံ-မန္တလေး ယာဉ်လိုင်းများကို သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးပြီး မေ ၁၆ ရက်နေ့က စတင်ကာ ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။
မန္တလေးတိုင်းအတွင်း ခရီးသည်တင်ယာဉ်များကို မေ ၁၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ လိုက်နာရမည့် အချက်များ၊ ခရီးသည်များ လိုက်နာရမည့် အချက်များကိုလည်း ဗီနိုင်းများရေးဆွဲပြီး ယာဉ်လိုင်း ဂိတ်များတွင် အများပြည်သူမြင်အောင် ချိတ်ဆွဲထားရှိစေရန် ညွှန်ကြားထားရှိကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ အဖွဲ့မှူး ဦးမြင့်ထွန်းထံမှ သိရှိရသည်။ ခရီးသွားပြည်သူများအတွက် ကားဂိတ်ရှေ့တွင် လက်ဆေးရေစဉ်များ ထားရှိပေးခြင်း၊ ခရီးသည်များအား လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်း၊ Mask တပ်စေခြင်း၊ ကားမထွက်မီ မိနစ် ၃၀ အလိုတွင် ကားကို ပိုးသတ်ဆေးများ ဖျန်းပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း ပုံမှန် ကားခထက် နှစ်ဆ ကောက်ခံပြီး သတ်မှတ် ထားသော ခရီးသည် တစ်ဝက်ဖြင့်သာ ပြေးဆွဲကာ ကားမောင်းသူများအနေဖြင့် ခရီးသည် ပိုမိုတင်ဆောင်ပါက အရေးယူမှု များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယာဉ်လုပ်ငန်းတာဝန်ခံတစ်ဦး ဖြစ်သည့် ဦးရာထိုက်ထံမှ သိရှိရသည်။
မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် ကားဂိတ်များမှ တာဝန်ရှိသူများကလည်း ခရီးသွားမည့်သူများကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လက်ဆေးစေ ခြင်း၊ Mask တပ်စေခြင်း၊ သတ်မှတ်လူဦးရေအတိုင်း တင်ဆောင်ခြင်းဖြင့် မြင်းခြံ-မန္တလေး ယာဉ်လိုင်း ၉ လိုင်းဖြင့် ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသော်လည်း ယခုလို ကိုဗစ်-၁၉ ရောဂါ ကာလတွင် ခရီးသွားလာသူ နည်းပါးလျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


