ဝန်းသို   ၁၆  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း မီးရထား၊ ကားလမ်းများ ပိတ်ထားခြင်းနှင့် လူစုလူဝေးမဖြစ်စေခြင်းတို့ကြောင့် ဝါးနှီးဖြင့်ပြုလုပ်သော တစ်ပိုင်တစ်နိုင်ခြင်းကြား ယက်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အဆင်မပြေဖြစ်နေကြကြောင်း သိရသည်။

 

“ကျွန်မတို့ရွာမှာက တစ်ရွာလုံးလို ခြင်းကြားရက်လုပ်ခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်မိသားစုနေ့ စဉ်ဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေပါတယ်၊ ခြင်းယက်ဖို့ဆိုရင် လူစုပြီးကားနဲ့ တောထဲကို ညအိပ်ညနေသွားပြီးဝါးခုတ် နှီးဖျာပြုလုပ်ရပါတယ်၊ အိမ်ရောက်မှ ခြင်းလုံးကိုရက်လုပ်ရပါတယ်၊ အခုအချိန်က ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် အသွားအလာမပြုလုပ်ရဘဲ မိမိတို့အိမ်တွင်းသာနေရခြင်း လူစုလူဝေးမဖြစ်ပေါ်စေရသာကြောင့် တောထဲဝါးခုတ်သွားဖို့ရာ အခက်အခဲအနည်းငယ်ရှိပါတယ် နောက်ပီး ခြင်းဈေးကလည်းအရင်ကဆို ခြင်းတစ်လုံးကို ၄၀ဝ တစ်ထန်းကို ၈၀ဝ လောက် ရောင်းရတယ်၊ အခုက ခြင်းဈေးကကျတယ် ဝယ်သူကလည်း မရှိသလောက် ဖြစ်နေတယ် “ ဟု ခြင်းရက်လုပ်ငန်းလုပ်ကိုင်သူ မသင်းသင်းမာက ပြောသည်။

 

“ကျမတို့မိသားစုအနေ့နဲ့ ခြင်းရောင်းဝယ်ရေးလုပ်ငန်းကို နှစ်စဉ်နှစ်တိုင်းလုပ်ကိုင်ပါတယ်၊ အရင်နှစ်တွေကဆို ခြင်းကြားရောင်းဝယ်ရေးက အဆင်ပြေပါတယ်၊ အခုနှစ် ကိုဗစ်-၁၉ ကာလအတွင်းမှာတော့ ရထားလမ်း၊ ကားလမ်းပိတ်ထားတော့ သယ်ယူရေးမှာ လုပ်ငန်းအဆင်မပြေဘူး၊ ဝယ်လက်ကလည်းနည်းတယ်၊ နောက်ပီး ခြင်းကြားရက်တဲ့သူတွေကလည်း စားဝတ်နေရေးအတွက် ငွေအခက်အခဲရှိတဲ့အတွက် အစ်မတို့က မရှိရှိတဲ့ငွေနဲ့ဝယ်ပြီး အိမ်မှာသိုလှောင်ထားနေရတယ်” ဟု ခြင်းကြားရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

 

ဝါးနှီးဖြင့်ပြုလုပ်သော တစ်ပိုင်တစ်နိုင် ခြင်းကြားရက်လုပ်ငန်းနှင့် ရောင်းဝယ်ရေးလုပ်ငန်းများကို ဝန်းသိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်း မိသားစုနေ့စဉ် ဝင်ငွေရလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

 

mdn