မန္တလေး ၁၆ မေ

 

မန္တလေးမြို့‌တော် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ဈေးတစ်ချို့ယနေ့(မေ ၁၆ ရက်)မှ စတင်ကာ ယခင်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

မန္တလေးစျေးချိုတော်၊ မန်းမြန်မာပလာဇာ၊ ရတနာပုံစျေးအပါအဝင် အဆောက်အအုံအတွင်း ဖွင့်ထားတဲ့စျေးဆိုင်များကို လေဝင်လေထွက်ကောင်းရေး၊ လျှောက်လမ်းများ အပေါ်အောက် ကုန်ပစ္စည်း ထားရှိခင်းကျင်းမှု လုံးဝမရှိအောင် ရှင်းလင်းရေး၊ ကျန်းမာရေးစည်းကမ်းချက်များနဲ့ ကိုက်ညီရေးအတွက် ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

စျေးများစနစ်တကျ ဖွင့်လှစ်နိုင်ရန် ဈေးရုံများအတွင်း ပစ္စည်းရှင်းလင်းခွင့်အား နှစ်ရက်ခွင့်ပြုပေးမည် ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်ရုံးအဖွဲ့ထံမှ သိရသည်။

 

"ပြန်ဖွင့်မယ့်အချိန်မှာ ကိုရိုနာကာကွယ်ရေးအတွက် လေဝင်လေထွက်ကောင်းအောင်၊ လျှောက်လမ်းကျယ်အောင် ဈေးကုန်ပစ္စည်းတွေကို ကျူးတာတွေ မလုပ်ဘဲခင်းဖို့ ညွှန်ကြားထားတယ်"ဟု ဈေးချိုတော် ဈေးအကျိုးတော်ဆောင်အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

 

COVID-19 ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကာ ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖြိုးအိ