ရန်ကုန် ၁၆ မေ

 

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မေ ၁၆ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ကျန်းမာရေးစစ်တမ်း ကောက်ယူနေမှုများနှင့် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် လှိုင်သာယာမြို့နယ် အမှတ် ၁၀ ရပ်ကွက် စစ်ကိုင်းလမ်း ဓမ္မာရုံနှင့် အပြင်ပဒံကျေးရွာ အနော်ရထာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့မှ မြို့နယ်အတွင်း ပိုးတွေ့လူနာများနဲ့ ထိတွေ့သူများရှိ/မရှိ၊ ခရီးသွားရာဇဝင် ရှိ/မရှိတို့ကို မေးမြန်းခြင်း၊ ရောဂါလက္ခဏာများဖြစ်သည့်    ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ အနံ့အရသာပျောက်ခြင်း အစရှိသည့် လက္ခဏာများ ခံစားရမှု ရှိ/မရှိ စစ်တမ်းကောက်ယူပြီး ကျန်းမာရေးစစ်ဆေးသည့် စက်ပစ္စည်းများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

 

ထို့နောက် ဝန်ကြီးချုပ်မှ စက်ရုံမှတာဝန်ရှိသူများအား စက်ရုံအစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး စက်ရုံများလည်ပတ်ပြီး ကုန်ထုတ်လုပ်မှုများ မကျဆင်းရေးအတွက် တဖြည်းဖြည်း ဖြေလျော့မှုပေးရန် စီစဉ်ဆောင်ရွက်နေမှုများကို ပြောကြားသည်။

 

 

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က စက်ရုံအတွင်း တစ်ဦးနှင့်တစ်ဦး အလုပ်လုပ်သည့် နေရာနှင့် ထမင်းစားခန်းနေရာများအား ၆ ပေအကွာ၊ အလုပ်ခန်းအဝင် လက်ဆေးရန်ထားရှိမှုများ၊ နှာခေါင်းစည်း၊ မျက်နှာအကာများ တပ်ဆင်ပြီးမှ အလုပ်ခွင်သို့ ဝင်ရောက်စေခြင်းသည် ကြိုတင်ကာကွယ်ခြင်းဖြစ်သည့်အတွက် ဆက်လက်စီမံ ဆောင်ရွက်ရန်မှာကြားသည်။

 

 

ထို့နောက် စက်ရုံတာဝန်ရှိသူမှလည်း ချန်းရီဖိနပ်စက်ရုံတွင် ဝန်ထမ်းပေါင်း ကိုးထောင်ကျော်ရှိသော်လည်း တစ်ချိန်တည်း စုပြုံအလုပ်ဝင်ခိုင်းမည်မဟုတ်ဘဲ နေ့ဆိုင်း ညဆိုင်း အလုပ်ဝင်ရောက်ဖို့ အလုပ်သမားများနှင့် ညှိနှိုင်းထားပါကြောင်း၊ ညွှန်ကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလို ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

 

လှိုင်သာယာတွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူများ နေထိုင်ခဲ့သည့်နေရာများနှင့် ၁၀ ရပ်ကွက်၊ ၆ ရပ်ကွက်၊ အပြင်ပဒံကျေးရွာရှိ ချန်းရီဖိနပ်စက်ရုံ၊ အတွင်းပဒံ၊ ညောင်ကျေးရွာနှင့် ဒိုင်စုကျေးရွာများသို့ တစ်ဖွဲ့လျှင်လေးဦးပါဝင်သည့် အဖွဲ့ပေါင်း ၄၅၀ ဖြင့် တစ်အိမ်တက်ဆင်း စစ်တမ်းကောက်ယူလျက်ရှိပြီး သံသရာလူနာတွေ့ရှိပါက သတ်မှတ်စုရပ် လေးနေရာတွင်ထားရှိသည့် ကျန်းမာရေးစစ်ဆေးသည့် စက်ပစ္စည်းများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် စစ်ဆေးပေးလျက်ရှိကြောင်းနှင့် ထိုစစ်တမ်းကောက်ယူမှုများကို ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ခန့်နှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ၈၀ ဦးတို့က အဖွဲ့ပေါင်း ၄၅၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ဆန်းကျော်ဦး (ပြန်/ဆက်)