မူဆယ် ၁၆ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် တရုတ်နိုင်ငံဘက်မှ ပြည်တော်ပြန်များကို ထောက်ခံစာရယူနိုင်ရန်နှင့် နေရပ်ပြန်နိုင်ရန်အတွက် မော်တော်ယာဉ်ငှားရမ်းမှုများ ဆောင်ရွက်ပေးမည်ဟု လိမ်လည်ပြီး ငွေတောင်းခံသည့်ပွဲစားများကို အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ် ကုသရေး ပူးပေါင်းကော်မတီထံမှ သိရသည်။
တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာပြောင်းရွှေ့အလုပ်သမားများကို မူဆယ်မြို့၊ အထက(၁)ကျောင်း၌ ယာယီလက်ခံထားရှိပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ (Quarantine) ပြုလုပ်ခံရမည့် ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များကို မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ် ကုသရေးပူးပေါင်းကော်မတီ၊ လက်ခံရေးနှင့် နေရာချထားရေးဆပ်ကော်မတီမှ (အခမဲ့) စနစ်တစ်ကျ ထုတ်ပေးနေသော်လည်း ထိုကိုယ်ရေးအချက်အလက်များကို ထုတ်ယူနိုင်ရန်နှင့် မိမိဌာနေသို့ ပြန်နိုင်ရန် မော်တော်ယာဉ်ငှားရမ်းရန်အတွက် ပြည်တော်ပြန်များထံမှ ပွဲစားများက ငွေလိမ်လည်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ စုစုပေါင်း(၁၁)ဦးကို မိမိဒေသပြန်နိုင်ဖို့ မော်တော်ယာဉ်ငှားခ တစ်ဦးကို (၅)သောင်းတောင်းတယ်၊ ဆေးစစ်ထောက်ခံချက်က တစ်ယောက်ကို တစ်ထောင်တောင်းတယ်၊ ပြီးတော့ အထက(၁)ကျောင်းကို ကျွန်တော်တို့ကိုယ်တိုင် လာပြီးတော့ ကိုယ်ရေးထောက်ခံစာလာယူတယ်၊ ဆိုင်ကယ်ကယ်ရီသမားတွေက လွယ်လွယ်နဲ့ လုပ်မရဘူးပေါ့၊ သူတို့လုပ်ပေးလို့ မင်းတို့ရတာလို့ပြောတယ်၊ အပြန်ကျတော့ တစ်ယောက်ကို (၃)ထောင်ထပ်တောင်းတယ်၊ နောက်ပိုင်းမှ မူဆယ်မြို့၊ သယ်ယူပို့ဆောင်ရေးက စီစဉ်ပေးတဲ့ ကားခထက် တစ်သောင်းပိုတောင်းမှန်းသိတယ်၊ ကိုယ်ရေးအချက်အလက် ထောက်ခံစာကို အလကားလုပ်ပေးမှန်းသိတယ်၊ မူဆယ်မြို့၊ ဆပ်ကော်မတီကို လာရောက်တိုင်ကြားလိုက်မှ သူတို့ယူထားတဲ့ ပိုက်ဆံတွေအကုန်ပြန်ရတယ်”လို့ တရုတ်နိုင်ငံ၊ ကျန့်ဖိန်မြို့မှ ကြံခုတ်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ (ဝမ်တိန်ဂိတ်)မှတစ်ဆင့် မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာသူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာနေ ကိုကျော်ဟိန်းက မူဆယ်မြို့၊ ပွဲစားများက လိမ်လည်ပြီး ငွေတောင်းခံ ခံရသည့်အကြောင်းကို ပြောကြားသည်။
“ခုလို ပြန်တော်ပြန်တွေအတွက် သယ်ယူပို့ဆောင်ရေး လုပ်တဲ့အခါမှာ ထုံးစံအတိုင်းပါပဲ၊ ဂိတ်လောကမှာ ကြားပွဲစားတွေ ရှိနေတုန်းပါပဲ၊ တရားဝင်ဂိတ်ပေါက်ကနေ ဝင်ရောက်လာကြတဲ့ ပြည်တော်ပြန်တွေကို သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ မောတော်ယာဉ်နဲ့ အထက(၁)ကျောင်းကို ပို့ဆောင်ပေးတယ်၊ ခိုးပေါက်ကနေ ဝင်ရောက်လာတဲ့သူတွေရှိတယ်၊ ခိုးပေါက်ကနေ ဝင်ရောက်လာတဲ့သူတွေကို ကြားပွဲစားတွေက မိမိဒေသပြန်နိုင်ရန်အတွက် ကျန်းမာရေးထောက်ခံစာတွေ လုပ်ပေးမယ်ဆိုပြီး ငွေတောင်းခံမှုတွေရှိနေသလို မော်တော်ယာဉ်ခတွေကိုလည်း ဘယ်လောက်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာတွေ ရှိနေပါတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ် ကုသရေးပူးပေါင်းကော်မတီထံသို့ လာရောက်တိုင်ကြားနိုင်သလို အရေးယူဆောင်ရွက်မှုတွေလည်း ပြုလုပ်နေပါတယ်”လို့ ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌ ဦးစိုးမြင့်က ကြားခံပွဲစားများမှ လိမ်လည်ပြီး ငွေတောင်းခံမှုများရှိပါက လာရောက်တိုင်ကြားနိုင်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်းကို ပြောကြားသည်။
မူဆယ်မြို့၊ လက်ခံရေးနှင့် နေရာချထားရေးဆပ်ကော်မတီမှ ကိုယ်ရေးထောက်ခံစာပြုလုပ်ရာ၌ ငွေတောင်းခံခြင်းမရှိဘဲ (အခမဲ့) ပြုလုပ်ပေးသလို သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီက တရုတ်နိုင်ငံဘက်မှ ပြန်လာသည့် ပြည်တော်ပြန်များအတွက် မိမိဒေသအသီးသီးသို့ ပြန်နိုင်ရန် မူဆယ်မြို့၊ ယာဉ်မောင်းများနှင့် ခရီးသည်များ အဆင်ပြေနှုန်းထားဖြင့် ညှိနှိုင်းပြီး မော်တော်ယဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်းကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


