ရန်ကုန် ၁၆ မေ

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက်နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှတစ်ဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားမိဘပြည်သူများစွာတို့ကို   ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ပြေးဆွဲနေသော ချယ်ရီရေယာဉ်သင်္ဘော (၃)စီးဖြင့် အလှည့်ကျ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် မေ ၁၈ ရက်မှ စတင်ပြီး သင်္ဘောအခေါက်ရေ (၃၀)နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

 

ရန်ကုန်(ပန်းဆိုးတန်း)ဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက “ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ခရီးသည်က ပုံမှန်မသွားသေးဘူး၊  ဒလဘက်က အသွား ၄၀၀၀ ကျော်နဲ့  ရန်ကုန်ဘက်က အပြန် ၄၀၀၀ ကျော်လောက်ပဲ သွားလာကြတယ်၊ တစ်ရက်ကို ခရီးသည်သွားလာမှုဆိုရင် (၉၀၀၀) နီးပါးလောက်ပဲရှိတယ်၊ အရင်တုန်းက သင်္ဘောခရီးစဉ် (၄၆)ခေါက်နှုန်းနဲ့ ပြေးဆွဲချိန်က ခရီးသည် (၃၀၀၀၀)ကျော် သွားလာမှုရှိလို့ ယခုခရီးသည်သွားလာမှု အရမ်းနည်းပါတယ်၊ ဝန်ထမ်းအများစုနဲ့ အလုပ်သမားအများစုပဲ ကူးသန်းသွားလာမှုများကြတယ်၊ မေ ၁၈ ရက်က စပြီးတော့ သင်္ဘောခရီးစဉ်ကို အခေါက်ရေ (၃၀)နှုန်းနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

 

လက်ရှိအချိန်၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီရေယာဉ် သင်္ဘော (၃)စီးဖြင့် အလှည့်ကျ နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီခွဲအထိ သင်္ဘော အခေါက်ရေ (၂၄)ခေါက်နှုန်းဖြင့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။

 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် Stay at Home ကာလ သင်္ကြန်ကာလ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ သင်္ဘောခရီးစဉ်ကို (၄)ခေါက်နှုန်းမှ (၇) ခေါက်နှုန်းအထိသာ ပြေးဆွဲပြီး၊ ဧပြီ ၂၀ ရက် ရုံးဖွင့်ရက်မှ စတင်၍ မေ ၁၇ ရက်အထိ သင်္ဘောခရီးစဉ်ကို  ၂၄ ခေါက်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ရာ၊ မေ ၁၈ ရက်မှ စတင်ပြီး နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၈ နာရီအထိ  အခေါက်ရေ (၃၀)နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)