နေပြည်တော် ၁၆ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် တာ၀န်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက်လမ်း လမ်း/တံတား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို စီမံကိန်းလုပ်ငန်း နေရာများနှင့် Video Conferencing ဖြင့် တိုက်ရိုက်ချိတ်ဆက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ရှေးဦးစွာ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်သီဟက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လမ်း/တံတား အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ လမ်းအထူးအဖွဲ့ (၃) ဖွဲ့၊ တံတားအထူးအဖွဲ့ (၂)ဖွဲ့နှင့် ခရိုင် (၃) ခရိုင်တို့မှ ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မူလ (၁၂)ပေ အကျယ် ကတ္တရာလမ်းအား (၁၈)ပေ အကျယ်၊ (၂၄)ပေ အကျယ် တိုးချဲ့ဆောင်ရွက်ခြင်း၊ ကတ္တရာလမ်းသစ်ခင်းခြင်း၊ မြေသားတာဘောင်ချဲ့ခြင်း၊ သံကူကွန်ကရစ်တံတားများနှင့် ရေထုတ်ပြွန်များ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ COVID-19 ကာကွယ်ရေးလုပ်ငန်းများနှင့် လှူဒါန်းထောက်ပံ့မှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ယခုအခါ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လမ်းများတိုးတက်မှုအနေဖြင့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း (၁၁၇) မိုင် (၃) ဖာလုံ တိုးတက်လာခဲ့ပြီး တံတားများအနေဖြင့် သံကူကွန်ကရစ်၊ သံမဏိသံပေါင်တံတား တည်ဆောက်ပြီးစီးမှုမှာ ယခုအခါ (၉၉ ရာခိုင်နှုန်း) အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော အိမ်ရာစီမံကိန်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ထွန်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း (၃၀ မိုင် ၃ ဖာလုံ)၊ ကျောက်လမ်း (၂၈ မိုင် ၇ ဖာလုံ)၊ မြေလမ်း (၄၆ မိုင် ၆ ဖာလုံ) ဆောင်ရွက်လျက်ရှိရာ (၆၅ ဒသမ ၅၅ ရာခိုင်းနှုန်း) ဆောင်ရွက်ပြီးစီးမှု၊ ကွန်ကရစ်တံတားအနေဖြင့် စုစုပေါင်း (၄၃)စင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းပြီးစီးမှုမှာ (၆၁ ဒသမ ၇၁ ရာခိုင်းနှုန်း) ပြီးစီးမှုကိုလည်းကောင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင် Pilot Project ဖြင့် အင်းလေးကန် အနောက်ပတ်လမ်း၊ ခေါင်တိုင် - အင်းတိမ် - မှော်ဘီလမ်း (၂၆ မိုင်) အနက် (၂၁ မိုင် ၃ ဖာလုံ) ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးမှု၊ ကတ္တရာခင်းရန် ကျန်ရှိသော (၄ မိုင် ၅ ဖာလုံ)အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းတစ်ခုလုံး (၉၉ ရာခိုင်နှုန်း) ပြီးစီးမှုကို လည်းကောင်း၊ ဆက်လက်၍ ဂျာမနီနိုင်ငံ၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) ထောက်ပံ့ငွေဖြင့် တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်အတွင်းရှိ လည်းကုန်း - မိုးနဲသရဖူ - ကျားတွန် - အင်းတိမ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၁၁ မိုင် ၇ ဖာလုံ)၊ နောင်ပိ - တီလုံ - မိုးဦး၊ နမ့်ဖာမူလမ်း ကတ္တရာခင်းလုပ်ငန်း (၂၀ မိုင် ၃ ဖာလုံ) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်းရှိ မင်္ဂလာဦး - တိဟေးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၁ မိုင် ၃ ဖာလုံ) စုစုပေါင်း (၃၃ မိုင် ၅ ဖာလုံ)အား ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး (၆၅ ရာခိုင်နှုန်း) ပြီးစီးမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ဆက်လက်၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်နိုင်ဦးက မန္တလေး - လားရှိုး - မူဆယ်လမ်း မိုင်တိုင် (၈၄) ရှိ ယခင်ဂုတ်တွင်းတံတားဟောင်းအား ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယာယီဘေလီ တံတားအား (၅) ရက်အတွင်း အပြီးတည်ဆောက်ထားရှိမှု၊ ယခုယာယီတံတားနေရာတွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အရှည် ပေ (၂၁၀) နှစ်လမ်းသွားကွန်ကရစ်တံတားသစ် တည်ဆောက်နေမှုနှင့် ယခုအခါ တံတား(၁)စင်းလုံး ၆၀ ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ထို့နောက် တံတားအထူးအဖွဲ့ (၁၂) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန့်ဇင်က မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပေါ်ရှိ အရှည် (၃၅၁) မီတာ သံလွင်မြစ်ကူးတံတား (တာကော်) တည်ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို လည်းကောင်း၊ မိုင်းနောင် - မိုင်းရှူးလမ်းပေါ်ရှိ အရှည်(၁၃၀)မီတာ နန့်ပန်ချောင်းတံတား(မိုင်းရှူး) လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို ရှင်းလင်းတင်ပြပြီး Video Clip ဖြင့် ပြသသည်။
ယင်းနောက် တံတားတည်ဆောက်ရေးအဖွဲ့(၃)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထိုက်က သံလွင်တံတား တည်ဆောက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး Video Clip ဖြင့် ပြသသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း ဆောင်ရွက်နေသည့် လမ်းဦးစီး၊ တံတားအထူးအဖွဲ့များ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုတို့ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းတိုးတက်မှုရှိအောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းများ သက်မှတ်အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းရန် လိုအပ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပူပြင်းသည့်အတွက် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်သည့် ကာယ၊ ဉာဏလုပ်သားများ၊ အင်ဂျင်နီယာဝန်ထမ်းများ ကျန်းမာရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယခုအချိန်ကစ၍ ပြင်ဆင်ဆောင်ရွက်ထားရန် လိုပါကြောင်း၊ တောင်ပေါ်လမ်းများ ဖြစ်သည့်အတွက် ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ၊ ရေပြွန်များကို အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်စေရေး တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းများတိုးတက်ရန် ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
သတင်းစဉ်


