မင်းဘူး ၁၆ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ရာသီဉတု ပူပြင်းခြောက်သွေ့ပြီး မိုးရွာသွန်းမှုနည်းပါးသောကြောင့် သီးကုန်းအုပ်စု၊ ခရုကန်ကျေးရွာတွင် သောက်သုံးရေ အခက်ခဲဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“အခုလိုလေး လာရောက်လှူဒါန်းပေးတော့ ရေကောင်းရေသန့်လေး သောက်သုံးရတော့မှာမို့ ကျေးဇူလည်းတင်ပါတယ်။ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်၊ လက်ရှိမြေသားရေကန်က ခန်းခြောက်သွားတော့ သောက်သုံးရေက တော်တော်လေးအခက်အခဲ ဖြစ်သွားပါတယ်၊ ကျွန်တော်တို့ရွာမှာ အိမ်ထောင်စုပေါင်း ၄၀၀ ကျော်ရှိပြီး လူဦးရေအနေနဲ့ ၁၆၀၀ ကျော်ရှိပါတယ်၊ အိမ်ထောင်စုကများတော့ မိုးမကျမီကြားကာလလေးမှာ အခုလိုမျိုးထပ်မံ လာရောက်လှူဒါန်း ပေးစေချင်ပါတယ်” ဟု မင်းဘူး(စကု)မြို့နယ်၊ ခရုကန်ကျေးရွာ ဒေသခံတောင်သူ ဦးညိုလင်းက ပြောသည်။
အဆိုပါသောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာသို့ စကုမြို့၊ အမှတ်(၁၀) ခြေလျင်တပ်ရင်းမှ သောက်ရေသန့် ၂၀ လီတာဘူးကြီး ၁၅၀၊ ခရိုင်မီးသတ်ဉီးစီးမှူးရုံးမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၄၀၀၀၊ မြို့နယ်သစ်တောဦးစီးဌာနမှ ရေဂါလန် ၁၆၀၀ နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေဂါလန် ၂၅၀ စုစုပေါင်း ရေဂါလန် ၆၆၀၀ တို့ကို ဒေသခံကျေးရွာနေ ပြည်သူများထံ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ရေလှူဒါန်းရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ စကုမြို့ အမှတ်(၁၀)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းမျိုးထက်နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး ဦးအောင်ဖုန်းလင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင်နှင့် ဝန်ထမ်းများက သောက်သုံးရေးများကို သွားရောက်လှူဒါန်းပေးခဲ့ကြသည်။ ၎င်းနောက် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသော ဒေသများသို့ သွားရောက်၍ ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး) (ပြန်/ဆက်)


