နေပြည်တော် ၁၆ မေ

 

 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားလျက်ရှိရာ ထိခိုက်ပျက်စီးခဲ့သည့်  အဆောက်အဦများအတွက် ဘေးအန္ဘရာယ်ဆိုင်ရာ ဦးစီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။

 

 

မေ ၁၄ ရက်နှင့် မေ ၁၅ တို့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်တို့၌ နေအိမ်(၄)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်၊ တမူး၊ ဒီပဲယင်းနှင့် ကျောက်မြောင်းမြို့နယ်တို့၌ နေအိမ် (၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၃၆)လုံးနှင့် ဘာသာရေးအဆောက်အဦ (၃)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကဝနှင့် သဲကုန်းမြို့နယ်တို့၌ နေအိမ်(၆)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်၊ ထီးလင်းနှင့် တောင်တွင်းကြီးမြို့နယ်တို့၌ နေအိမ်(၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် ညောင်ဦးမြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၅)လုံး၊ ဘာသာရေး အဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မိုးကုတ်မြို့နယ်၌ မိုးသီးကြွေကျမှုကြောင့် နေအိမ်(၂၂၃)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂)လုံး အမိုးသွပ်များ ပေါက်ပြဲခြင်းနှင့် မှန်များကွဲခြင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ မြို့နယ်(၁၀)ခု၌ နေအိမ်(၉၇)လုံး၊ ဘာသာရေး အဆောက်အဦ(၂)လုံး အမိုးအကာလန် ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများအမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့သည်။

 

 

သို့ပါ၍ ဧပြီ ၉ ရက်မှ မေ ၁၆ ရက်ထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၇၈၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၄)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၀၈၇၄)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၁၃)လုံး အမိုးအကာလန် ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူ(၇)ဦးသေဆုံးကာ (၂၄)ဦးဒဏ်ရာရရှိခဲ့သည်။

 

 

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၆၂၁ ဒသမ ၄)သန်းကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

 

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများ ဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။

 

 

သတင်းစဉ်