လှိုင်းဘွဲ   ၁၇     မေ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နှစ်စဉ်နွေရာသီရောက်တိုင်း အပူရှိန်မြင့်မားမှုကြောင့် သောက်သုံးရေများ ရှားပါးပြတ်လပ်မှု ကြုံတွေ့နေရသည့်ကျေးရွာများသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများအရောက် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးမှုများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ရေသွင်းမြောင်းများ ရေခန်းခြောက်ခြင်း၊ ကျေးရွာများရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်ခြင်းတို့ကြောင့် ရေလိုအပ်ချက်ရှိသည့် ကျေးရွာများ ဖြစ်သည့် အထက်ရေပူ ကျေးရွာ၊ ရွှေအောင်ကျေးရွာ၊ အောက်ရေပူကျေးရွာ၊ ကျောင်းရေပူကျေးရွာ အိမ်ထောင်စု(၂၀ဝ) အတွက် ရေဂါလန်(၄၄၀ဝ)အား သွားရောက်လှူဒါန်းပေးခဲ့သည်။

 

သောက်သုံးရေးများ လှူဒါန်းရာသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရေလိုအပ် လျက်ရှိသော ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှု၍ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)