ရှင်မင်း၊ ဓာတ်ပုံ - ကေကေ၊ ပြည်နယ်/ပြန်ဆက်
တိုင်းရင်းသားရိုးရာဟင်းများကို ကိုယ်တိုင်ပါဝင် ချက်ပြုတ်မြည်းစမ်းရင်း၊ ရိုးရာ အဆို၊ အကများကို လိုက်ပါစီးမျောရင်းဖြင့် ပအိုဝ်းတိုင်းရင်း သားများ၏ လူမှုဘဝကို ခံစားသိရှိနိုင်မည့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်တန်းပေါ်ရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနှင့် ကက္ကူပအိုဝ်းကျေးရွာ လေးရွာ၏ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) သည် အရှိန်ရဖွံ့ဖြိုးနေပြီဖြစ်သည်။
လွယ်ခေါ်၊ အင်းနီ၊ ထီနှင့် ကက္ကူပအိုဝ်း ကျေးရွာ လေးရွာ၏ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) သည် ၂၀၁၇ ခုနှစ် ASEAN Tourism Forum (ATF-2017) ဆုနှင့် ၂၀၁၇ ခုနှစ် မတ်လတွင် ဘာလင်မြို့၌ ကျင်းပ ခဲ့သည့် ITB(Berlin) ခရီးသွားပြပွဲမှ Winner Award ဆုတို့ကို ရရှိထားခဲ့ပြီးဖြစ်သည်။
လူထုအခြေပြုခရီးသွားလုပ်ငန်း
အဆိုပါ ပအိုဝ်းကျေးရွာ လေးရွာ၏ ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လေးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က “ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ခရီးသွားကဏ္ဍ တိုးမြှင့်နိုင်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လန်ချန်မှ ဟဲဟိုးနဲ့ ထိုင်းနိုင်ငံ ချင်းရိုင်မှ ဟဲဟိုး သို့ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရှမ်း တောင်ဇုန်) အမှုဆောင်တွေဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပတဲ့ Fifth Yunnan China-Myanmar Coopera-tion Forum Tourism Officials and Touri-sm Enterprise Executives Exchange Program ကို တက်ရောက်ခဲ့ပါတယ်။ ရှမ်း ပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ Infor-mation Counter ကို GIZ နဲ့ ပူးပေါင်းပြီး ခရီးသွားဧည့်သည်တွေ ပိုမိုစိတ်ဝင်စားစေဖို့ အဆင့်မြှင့်တင်ခဲ့ပါတယ်” ဟု ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လေးနှစ်တာကာလအတွင်း ဟိုတယ်/တည်းခို ရိပ်သာ ၃၈၀၊ ခရီးလှည့်လည်ရေးကုမ္ပဏီ ၁၀ဝ နဲ့ ဧည့်လမ်းညွှန်လိုင်စင် ၁၃၀၃ ဦးကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ ၁၆၉ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ခရီးစဉ်သစ်များဖော်ဆောင်
“ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ စံကား အင်း(ညောင်ရွှေမြို့နယ်)၊ ဖယ်ခုံအင်း (ဖယ်ခုံ မြို့နယ်)၊ ရွာငံ၊ ပင်းတယဒေသရှိ ရေဝင်ဂူ၊ ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ အရှေ့မြင် အနောက်မြင်တောင် (ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ)၊ ရှေးဟောင်းပြဒါးလင်းဂူ (ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်)၊ ကလောမြို့နယ် နန့်ပန်တက်ကျေးရွာအနီးရှိ ရှမ်းရိုးမဆင်စခန်း၊ ရွာငံမြို့နယ် မြို့ကြီးဆည် ခရီးစဉ်ဒေသသစ် သဘာဝအခြေခံခရီးသွား လုပ်ငန်းတွေ ဖော်ဆောင်သွားဖို့ရှိတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ တာချီလိတ်- မိုင်းဖြတ် - ထမ့်စွန်ဟိန်းဂူ - မိုင်းဖြတ် လမ်းကြောင်း၊ တာချီလိတ် - မိုင်းယောင်း - မိုင်းယုလမ်းကြောင်း၊ တာချီလိတ် - မိုင်းဆတ်- မိုင်းတုံလမ်းကြောင်း၊ တာချီလိတ် - ဝမ်ပုံ- ရွှေတြိဂံပါရာဒိုက်ဟိုတယ်-မိုင်းဖုန်းဆရာတော် လမ်းကြောင်း၊ တာချီလိတ်- တာလေ - ပါလျှို ကျိုင်းလပ်လမ်းကြောင်း၊ မဲခေါင်မြစ်ကြောင်း တစ်လျှောက် (ရွှေတြိဂံမှ ကျိုင်းလပ်မြို့ထိ) လမ်းကြောင်းတွေကို ခရီးစဉ်သစ်တွေအဖြစ် ဖော်ဆောင်သွားဖို့ရှိပါတယ်”ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောပြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်သစ် အနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ ဘန့်ဘွေး ကျင်းကျေးရွာအနီးရှိ ဘန့်ဘွေးကျင်းရေတံခွန်၊ လားရှိုး၊ သိန္နီ၊ ဟိုပန်နှင့် တန့်ယန်းမြို့နယ် များမှ တိုင်းရင်းသား ကျေးရွာများနှင့် မိုးမိတ်ခရိုင်ရှိ ရွှေဥဒေါင်းတောင်၊ တောရိုင်းတိရစ္ဆာန် တော၊ ကြိုးဝိုင်းသစ်တောနှင့် ဆင်စခန်းတို့ကို ဖော်ဆောင်သွားမည်ဖြစ်သည်။
မြို့ပြစီမံကိန်းဖော်ဆောင်မှု
ပြည်နယ်အစိုးရသည် သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြည်သည့် မြို့ပြစီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် တောင်ကြီး၊ ကလော၊ လွိုင်လင်၊ သီပေါ၊ ပင်းတယ၊ ပင်လောင်း၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပင်လုံ၊ မူဆယ်နှင့် ညောင်ရွှေမြို့တို့ကို ရွေးချယ်ထားသည်။
ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု စီမံကိန်း (One State One Township Project) အဖြစ် ကလောမြို့နယ်ကို ရွေးချယ်ပြီး အမှိုက် ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေးမြို့နယ် အဖြစ် ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော်နေပြီဖြစ်သည်။ ပြည်နယ်ဖွံ့ဖြိုး မှုနှင့် တိုက်ရိုက် ဆက်နွှယ်နေသည့် ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ရေးကို ပြည်နယ်အစိုးရအဖွဲ့မှ ဖော်ဆောင် လျက်ရှိသည်။
လမ်းနှင့်တံတားဆောင်ရွက်ပေးမှု
လေးနှစ်တာကာလအတွင်း ကတ္တရာ လမ်း၊ ကျောက်လမ်းနှင့် မြေလမ်း စုစုပေါင်း ၅၆၄ လမ်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉ ဒသမ ဝ၁၃ ဘီလီယံ၊ ကွန်ကရစ်တံတား၊ သစ်သားတံတားနှင့် အခြားတံတား စုစုပေါင်း တံတား ၁၆၄ စင်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁ ဒသမ ၈ ဘီလီယံ၊ တောင်ကြီး-ဟိုပုံး မြို့ရှောင်လမ်းအရှည်(၁၇/၄) မိုင်ကို ခွင့်ပြု ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၆၂ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
လေးနှစ်တာကာလအတွင်း ပြည်ထောင်စု လမ်း ၃၀၊ ပြည်နယ်လမ်း ၁၆၃ လမ်းကို ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေးအတွက် မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်လမ်းပေါ်ရှိ သံလွင် မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် အရှည်ပေ ၃၅၁ မီတာရှိ သံလွင်မြစ်ကူးတံတား (တာကော်) စီမံကိန်းကို တန်ဖိုးငွေကျပ် ၂၆ ဒသမ ၃၅ ဘီလီယံဖြင့် ဆောင်ရွက်သွားရန် ခန့်မှန်းထားသည်။
“သံလွင်မြစ်ကူးတံတား(တာကော်)ကို ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှာ လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိရာမှာ ၆ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နမ့်စန်၊ မိုးနဲ၊ မိုင်းတုံနဲ့ မိုင်းဆတ်လမ်းပေါ်ရှိ အရှည်ပေမီတာ ၂၀ဝ ရှိ ကြိုးတံတားအမျိုးအစားဖြစ်တဲ့ သံလွင်တံတား (တာဆန်း)ကို စီမံကိန်းတန်ဖိုး ငွေကျပ် ၂၄ ဘီလီယံ ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိရာ ၅ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားအသစ် ကို တံတားအရှည် ၂၈၆ မီတာ၊ အကျယ် ၁၂ မီတာ ခံနိုင်ဝန်တန် ၆၀ ရှိသည့် သံကူ ကွန်ကရစ်တံတားကို သိန္နီ-ကွမ်းလုံ- ချင်းရွှေ ဟော်လမ်း၏ မိုင်(၄၉/၆)အနီးတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ Grant Aid ဖြင့် ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အား တိုးတက်ဆောင်ရွက်မှု
ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရန်အတွက် ပြည်နယ်အစိုးရ အဖွဲ့သည် စတုတ္ထ (၁) နှစ်တာ အပါအဝင် လေးနှစ်တာကာလအတွင်း အစီ အစဉ်များစွာ ပြုလုပ်ခဲ့သည်။ လေးနှစ်တာ ကာလအတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၆၆ ကေဗွီလိုင်း ၃၁ ဒသမ ဝ မိုင်၊ ၃၃ ကေဗွီလိုင်း ၈၁ ဒသမ ၉ မိုင်၊ ၁၁ ကေဗွီလိုင်း ၃ ဒသမ ၅ မိုင်၊ (၆၆/၃၃) ကေဗွီခွဲရုံ သုံးရုံ၊ (၆၆/၁၁) ကေဗွီခွဲရုံ ကိုးရုံ၊ (၁၁/ ဝ ဒသမ ၄)ကေဗွီ ထရန်စဖော်မာ ၇ လုံးနှင့် ၄၀ဝ ဗို့လိုင်း ၄ ဒသမ ၄၆ မိုင်၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံ ငွေကျပ် သန်း ၈၀ ဒသမ ၇ ဘီလီယံဖြင့် ၃၃ ကေဗွီဓာတ်အားလိုင်း ၁၁ ဒသမ ၁၉ မိုင်၊ ၂၂ ကေဗွီ ဓာတ်အားလိုင်း ၁ ဒသမ ၈၅ မိုင်၊ ၁၁ ကေဗွီလိုင်း ၆၈၇ ဒသမ ၂၂ မိုင်၊ (၃၃/၁၁) ကေဗွီခွဲရုံတစ်ရုံ၊ (၃၃/ဝ ဒသမ ၄) ထရန်စဖော်မာ ၁၀ လုံး၊ (၂၂/ဝ ဒသမ ၄) ကေဗွီ ထရန်စဖော်မာ တစ်လုံး၊ (၁၁/ဝ ဒသမ ၄) ကေဗွီထရန်စဖော်မာ ၇၈၂ လုံးနှင့် ၄၀ဝ ဗို့လိုင်း ၈၃၂ ဒသမ ၃၅ မိုင်ကို တည်ဆောက်ပေးနိုင်ခဲ့သည်။ ထိုသို့ တိုးတက် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ၄၅ ဒသမ ၁၁ ရာခိုင်နှုန်းသို့ တိုးတက်သုံးစွဲလာနိုင်ခဲ့သည်။
ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် အခြေခံကျသည့် လမ်းတံတားများ ဖွံ့ဖြိုးမှုနှင့်အတူ ကုန်သွယ်ရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးလာပြီ ဖြစ်သည်။ ပြည်နယ်၏ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ လေးနှစ်တာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၁ ဘီလီယံ၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၅ ဘီလီယံ၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၁၆ ဘီလီယံကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
နယ်စပ်ကုန်သွယ်မှု
တာချီလိတ် ကုန်သွယ်ရေးစခန်းမှ လေးနှစ်တာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၂၇၉ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၅၇ ဒသမ ၄၅၆ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၇၃၅ သန်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၁၅၆ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၄ ဒသမ ၃၅ ဘီလီယံနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနရှိ မြို့နယ်/ မြို့နယ်ခွဲ ၃၃ မြို့နယ်ရှိ လမ်းလုပ်ငန်း ၂၀၅၇ လမ်း၊ တံတားလုပ်ငန်း ၁၀၉၆ စင်း၊ ရေပေးရေးလုပ်ငန်း ၄၈၄ ခုဆောင်ရွက်ခြင်း၊ ခန်းမအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ကျိုင်းတုံမြို့ တိုးချဲ့ရေပေးရေးလုပ်ငန်းများကို လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးမြို့ မီးပွိုင့်ယာဉ်ထိန်းဂိတ်တဲနှင့် စီစီတီဗွီ တပ်ဆင်ခြင်း လုပ်ငန်းတစ်ခု၊ မိုင်းတုံမြို့ မြို့လယ်ပန်းခြံ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ ကလောမြို့နယ် အောင်ပန်းမြို့ ဦးသန့်လမ်းနှင့် ဗထူးလမ်းတို့ကို ကတ္တရာ ကွန်ကရစ် AC ခင်းခြင်းလုပ်ငန်း၊ ညောင်ရွှေ မြို့ ဖောင်တော်ဆိုက်လမ်းနှင့် လမ်းမတော် လမ်း ကတ္တရာကွန်ကရစ် AC ခင်းခြင်းလုပ်ငန်း၊ မူဆယ်မြို့ မြို့တွင်းလမ်း ကတ္တရာ ကွန်ကရစ် AC ခင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။
JICA (ODA) ချေးငွေနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်အပိုင်း(၁) တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ ပင်လောင်း၊ နောင်တရား၊ ရပ်စောက်၊ ရွာငံနှင့် ပင်းတယမြို့ တိုးချဲ့ရေပေး ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ JICA (ODA) ချေးငွေဖြင့် ဒေသဖွံ့ဖြိုးရေးစီမံ ချက်အပိုင်း(၂)အရ လားရှိုးမြို့ တိုးချဲ့ ရေပေးရေးလုပ်ငန်း ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ဆဲ ဖြစ်သည်။
ကျေးလက်ရေရရှိရေး
ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် တွင်းတိမ် ၆၆ တွင်း၊ တွင်းနက် ၁၂၁ တွင်း၊ လက်တူးတွင်း ၂၁ တွင်း၊ မြေသားရေကန် ၄၀ ၊ စိမ့်စမ်းရေသွယ်ယူခြင်း ၉၃၉ ခုနှင့် အခြားရေပေးရေး လုပ်ငန်း ၄၄၅ ခု တို့ကို ခွင့်ပြုငွေကျပ် ၂၅၅၀ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
မြို့အဆင့်တိုးမြှင့်ပေး
ပြည်နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်ဖော်ဆောင်သည့် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းကို ယူနစ်ပေါင်း ၉၇၈ ခုနှင့် ကျေးရွာပေါင်း ၁၄၄၃ ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ကျေးလက်နေပြည်သူများ နေထိုင်မှုအဆင့် အတန်း မြင့်မားစေရေး အတွက် ကျေးရွာအဆင့်မှ မြို့အဆင့် တိုးမြှင့်ခြင်းကို ပြည်နယ် အစိုးရအဖွဲ့က ဖော်ဆောင်ရာတွင် ကလော မြို့နယ်တွင် ဟဲဟိုးမြို့နှင့် ညောင်ရွှေမြို့နယ် တွင် နမ့်ပန်မြို့တို့ကို မြို့အဆင့် တိုးမြှင့်ပေးနိုင် ခဲ့သည်။
“ဖယ်ခုံမြို့နယ် မိုးဗြဲ၊ သီပေါမြို့နယ် နမ့်လန်၊ မဘိမ်းမြို့နယ် ငါးအိုး၊ ရွာငံမြို့နယ် မြို့ကြီး၊ ရပ်စောက်မြို့နယ် ပင်ပြစ်နဲ့ နောင်ချို မြို့နယ် ဘန့်ပွေးတို့ကို မြို့အဆင့်တိုးမြှင့်ရေး အတွက် ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေနဲ့ ကျေးလက်နေပြည်သူတွေကို လေးနှစ် တာကာလအတွင်း ၂၀၁၅ ခုနှစ် စီမံချက်အရ မြို့နယ်ပေါင်း ၉၄ မြို့နယ်မှ ကျေးရွာပေါင်း ၄၇ ရွာ၊ ၂၀၁၆ ခုနှစ် စီမံချက်အရ မြို့နယ်ပေါင်း ၄၇ မြို့နယ်မှ ကျေးရွာပေါင်း ၄၇ ရွာကို ကျေးရွာဂရန် ၁၆၂၀ဝ ထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောသည်။
ပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လေးနှစ်တာကာလ အတွင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနက သီးနှံအလိုက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ရာတွင် စပါး၊ အစေ့ထုတ်ပြောင်း၊ နေကြာနှင့် ပဲစင်းငုံ ၁၁၁၄၉ ဧကကို အကောင် အထည်ဖော်ပေးနိုင်ခဲ့သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ထို့အတူ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်မဲ့ယာမဲ့တောင်သူများ စိုက်ပျိုးနိုင်ရန် ကုန်းမြင့်လယ်ယာဖော်ထုတ် ခြင်းလုပ်ငန်း ဧက ၂၇၉၀ နှင့် စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်း ဧက ၁၀၅၀ ကို ဒေသခံတောင်သူ အကျိုးပြု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေးအလေ့ အကျင့်ကောင်းများ တိုးတက်ရေးအတွက် တောင်သူပေါင်း ၂၈၁၀၊ သီးနှံနှင့် ဟင်းသီး ဟင်းရွက် ၂၆ မျိုး ဧကပေါင်း ၉၅၈၁ ဧက အတွက် GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့သည်။
“အရင်က စပါးတစ်ဧကကို ငွေကျပ် တစ်သိန်း ချေးပေးရာမှာ ငွေကျပ် တစ်သိန်းခွဲ အထိ တိုးမြှင့်ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ လေးနှစ်တာကာလအတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ပြည်နယ်အတွင်း တောင်သူ ပေါင်း ၁၃၃၀ဝ၀ အတွက် ချေးငွေကျပ် ၇၅၁ ဒသမ ၃၀ ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပါ တယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) ချေးငွေ အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးချေးငွေ (JICA Two Step Loan) အစီအစဉ်နဲ့ လယ်ယာသုံးစက်ကိရိယာ စီးရေ ၁၄၉ စီး၊ ချေးငွေပမာဏ ငွေကျပ် ၆ ဒသမ ၁၃ ဘီလီယံကို ထုတ်ချေးပေးနိုင် ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ပြည်နယ်အစိုးရသည် ရှမ်းပြည်နယ် အတွင်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဦးပိုင်လုပ်ကွက်ပေါင်း ၈၈၃၇၃၄ အတွက် လယ်ယာမြေလုပ်ပိုင် ခွင့်ပြု လက်မှတ် (ပုံစံ-၇) ကို တောင်သူပေါင်း ၆၉၈၅၆၇ ဦးအတွက် ထုတ်ပေးနိုင်ခဲ့သည်။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းစဉ် များ ထိထိရောက်ရောက် ဖြစ်စေရေးအတွက် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agricultural Symposium) ကို တောင်ကြီးခရိုင် ကလောမြို့နယ် အင်းခေါင်း ကျေးရွာရှိ ဟဲဟိုးဥယျာဉ်ခြံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး သုံးရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
သိမ်းဆည်းလယ်ယာမြေများအား
စိစစ်ဆောင်ရွက်ပေး
ပြည်နယ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကို ဖွဲ့စည်းကာ သိမ်းဆည်းမြေများ နှင့် ပတ်သက်ပြီး တောင်သူများ နစ်နာမှု မရှိ စေရေးအတွက် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေး လျက်ရှိသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး ပြည်သူ တို့၏ တိုင်ကြားမှုများအပေါ် အချိန်နှင့် တစ်ပြေးညီ စိစစ်ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၅၅ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ဆင့်အလိုက် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။
“လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီက စိစစ်ဖြေရှင်းဖို့ ညွှန်ကြားခဲ့တဲ့ အမှုပေါင်း ၅၂၄ မှုရှိခဲ့ပြီး မြေစစ်ဗဟို ကော်မတီကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနကို သဘောထားတောင်းခံထားမှုနဲ့ ပြည်နယ်ကို ပေါင်းစပ်ဆောင်ရွက်ဖို့ ပေးပို့လာတဲ့ အမှုတွဲ ပေါင်း ၅၃ မှု ရှိပါတယ်။ ကာယကံရှင်ကို ရှင်းလင်းပြောကြားပြီး ပြန်လည်တင်ပြဖို့ ဗဟိုကော်မတီက ပြည်နယ်ကို ပေးပို့လာတဲ့ အမှုတွဲပေါင်း ခြောက်မှု ရှိပါတယ်။ ပြည်နယ် မြေ/စစ် ဗဟိုကော်မတီကို ပေးပို့တင်ပြထားတဲ့ အမှုတွဲပေါင်း ၈၃ မှု ရှိပါတယ်။ ဒါ့ပြင် ပြည်နယ် မြေ/စစ် ကော်မတီက စိစစ်ဆဲအမှုတွဲပေါင်း ၂၂၇ မှု၊ မြေ/စစ် ဗဟိုကော်မတီက စိစစ် ပိတ်သိမ်းထားရှိပြီးတဲ့ အမှုတွဲပေါင်း ၁၅၅ မှု တို့ဖြစ်ပြီး အမှုပေါင်း ၁၀၆ မှုကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ စိစစ်ဆောင်ရွက် နိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်းပေး
ရှမ်းပြည်နယ်အတွင်း စွန့်လွှတ်မြေအမှု ပေါင်း ၁၅၅ မှုနဲ့ ဧရိယာပေါင်း ၃၀၈၀ဝ ရှိ ကြောင်း သိရှိရပြီး ပြန်လည်စွန့်လွှတ်အပ်နှံမြေ မြေဧရိယာဧက ၃၀၈၀ဝ အနက်မှ ဧက ၂၉၆၀ဝ ကို သက်ဆိုင်သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။
ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ တောင်သူများထံ လွှဲအပ်ရန် ကျန်ရှိနေသည့် ဧရိယာ ဧက ၁၂၀ဝ၀ ကို အမြန်ပြန်လည် လွှဲပြောင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေပြီး အမြန်ပြန်လည် ပေးအပ်နိုင်ရေးအတွက် မူလလုပ်ကိုင်သူ မှန်ကန်ရေးကို စိစစ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိ သည်။
ကျေးလက်နှင့် မြို့ပြ တစ်ပြေးညီဖွံ့ဖြိုးရေး
ထိုသို့ ပြည်နယ်၏ ကျေးလက်နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ကြရာတွင် ဒေသဖွံ့ဖြိုးရေးသည် ငြိမ်းချမ်းရေး နှင့် ဆက်နွှယ်နေသည့်အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ၎င်းတို့ တာဝန်ယူဆောင်ရွက် နေချိန်တွင် ပြည်နယ်ငြိမ်းချမ်းရေးကို ကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိသည်။ ထိုသို့ ကြိုးပမ်းမှုများကြောင့် ရှမ်းပြည်နယ်အတွင်းမှ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် လားဟူဒီမိုကရက်တစ်ပါတီ (LDU)တို့သည် NCA တွင် ပါဝင်လာပြီဖြစ်သည်။
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၄ ရက်အထိ လွိုင်လင်ခရိုင် ခိုလမ်မြို့တွင် (၁၇) ကြိမ်တိုင်တိုင် ကျင်းပ ခဲ့သည်။
“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီး အမျိုးသားအဆင့် နိုင်ငံရေး
ဆွေးနွေးပွဲတွေကို လူမျိုး/ဒေသ အကြောင်း အရာအလိုက် ကျင်းပလျက်ရှိပါတယ်။ ဒီလို ကျင်းပတဲ့အခါ ပအိုဝ်းလူမျိုး အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ ဟိုပုံးမြို့၊ ၂၀၁၇ ခုနှစ် ဧပြီ ၂၃ ရက်ကနေ ၂၅ ရက်အထိ တောင်ကြီးမြို့ မြို့တော်ခန်းမတို့မှာ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေ ဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေဖို့ အများကြီးအထောက်အကူ ဖြစ်စေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြောပြသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကိုဦးတည်ကြိုးပမ်းလျက်ရှိ
ဒေသဖွံ့ဖြိုးမှု အရှိန်တစ်ခုတည်ရှိမှ ငြိမ်းချမ်းမှုရှိနိုင်မည် ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ဒေသခံတိုင်းရင်းသား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးတည် ကြိုးပမ်းလျက်ရှိသည်။
“NCA လက်မှတ်ရေးထိုးပြီးတဲ့ PNLO အဖွဲ့ရဲ့ ဌာနချုပ် ဂဒူးကြီးဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်မှာ ငွေကျပ်သိန်း ၁၀ဝ လှူဒါန်းပေးခဲ့ပါတယ်။ မိုင်းနောင် - မိုင်းရှူးလမ်းပေါ်ရှိ နမ့်ပန်ချောင်း တံတား(မိုင်းရှူး) တံတားအရှည် မီတာ ၁၃၀ ကို စီမံကိန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၃ ဘီလီယံ ခန့်မှန်းထားပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ တံတားပြီးစီးမှု ၈၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျွန်းတောင် - ကျောက်တလုံးကြီး - နောင်ယာ ဆိုင်း - ဆိုက်ခေါင် - ပွန်ချောင်း -မောက်မယ် လမ်းပေါ်ရှိ ပွန်ချောင်းတံတားအရှည် ၅၇ ဒသမ ၉၁ မီတာကို စီမံကိန်းတန်ဖိုးငွေကျပ် ၉၇၄၅ သန်းနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက် မှာ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး တံတား ပြီးစီးမှု ၇၆ ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် ဆက်စပ် အကောင်အထည်ဖော်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောပြသည်။
“မိုင်းဆတ် - တာချီလိတ်လမ်း မိုင် ၆၀ ခန့်ရှိပြီး “ဝ” အထူးဒေသ (၂)မှ အမာခံလမ်းနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ လမ်းဦးစီးဌာနက လွှဲပြောင်းတာဝန် ယူပြီး ရန်ပုံငွေကျပ် ၅၅၃ သန်းနဲ့ လမ်း အဆင့်မြှင့်ခြင်းကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဘဏ္ဍာ နှစ်အလိုက် ခွဲဝေရရှိတဲ့ ရန်ပုံငွေပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွက် ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ပြည်နယ် ဝန်ကြီး ချုပ်က ပြောသည်။
လျှပ်စစ်မီးရရှိရေးဆောင်ရွက်
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဟိုမိန်း ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဟိုမိန်း ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းကို ရန်ပုံ ငွေကျပ် တစ်ဘီလီယံနှင့် တင်ဒါခေါ်ယူလျက် ရှိသည်။ ထိုသို့ ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက် ကြရာတွင် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ် အတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးခဲ့ သည့် သံဃာတော်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၁၃၈ ဦးကို ဆုချီး မြှင့်ပေးအပ်ခဲ့ပြီး ပင်လုံဂုဏ် ရည်ဆု ချီးမြှင့်နိုင်ရန်အတွက် စီစဉ်လျက် ရှိသည်။
“၂၀၂၀ ပြည့်နှစ်အတွက် သံဃာတော်၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၃၈ ဦး ဆုချီးမြှင့် နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နဲ့ ဂုဏ်ထူးဆောင်ဆု ပစ္စည်းတွေ ချီးမြှင့်အပ်နှင်း ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေနဲ့အညီ ယခုနှစ်မှ စတင်ပြီး ရှမ်းပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နဲ့ ဂုဏ်ထူးဆောင် ဆုပစ္စည်းနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတစ်ခုထက်ပို ပြီး ထူးချွန်စွာ စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သူ၊ ပြည်နယ်ရဲ့ ဂုဏ်မြင့်တက်စေဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သူတွေကို ပင်လုံဂုဏ်ရည် ဆုချီးမြှင့်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဆိုသည်။
သက်ကြီး အဘိုးအဘွားများကိုထောက်ပံ့ပေး
ထို့ပြင် ပြည်နယ်အတွင်းမှ သက်ကြီး အဘိုးအဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် အသက် ၉၀ နှင့် ၁၀ဝ ကြား အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ နှုန်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် အသက် ၉၀ နှစ်အထက် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် အသက် ၈၅ နှစ်အထက် အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်း တိုးတက်ထောက်ပံ့ပေး ခဲ့သည်။ လူငယ်ပရဟိတဂေဟာများ၊ ဘိုးဘွား ရိပ်သာများ၊ မင်္ဂလာဦးလူငယ်ရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကို လေးနှစ်တာ ကာလအတွင်း စုစုပေါင်း ငွေကျပ် ၃၃၁ ဒသမ ၅ သန်း ထောက်ပံ့ပေးအပ် နိုင်ခဲ့သည်။
ကျန်းမာရေးကဏ္ဍ
လေးနှစ်ကာလအတွင်း ပြည်နယ်အတွင်း ဆေးရုံ၊ ကျန်းမာရေးဌာနပေါင်း ၆၉ ခု တိုးတက် လာခဲ့ပြီး ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဆရာမပေါင်း ၄၈၈၃ ဦးအထိ တိုးမြှင့်ခန့်ထား ပေးနိုင်ခဲ့ကာ အခမဲ့ကျန်းမာရေး ကွင်းဆင်း ကုသမှုအကြိမ် ၄၁၀ နှင့် လူဦးရေ ၆၀ဝ၀ဝ ကျော် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပြည်နယ်အစိုးရအနေဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကို ခုတင် ၅၀ဝ ဆံ့ ဆေးရုံ ကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ဓာတ်ရောင်ခြည် ကုသဌာနတွင် Cobalt 60 Machine၊ MRI 1.5 Tesla (GE-Signa Explorel) ရောဂါ ရှာဖွေရေးစက်တို့ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျောက်ကပ်ဝေဒနာရှင်များအတွက် H.D Machine စက်တပ်ဆင်ကာ ကျောက်ကပ် သန့်စင်ပေးခြင်းကို ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်နယ်အဆင့် စောင့်ကြပ်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ကာ ရောဂါဝင်ရောက် လာနိုင်ဖွယ်ရှိသည့် နယ်စပ် ဝင်ပေါက်/ထွက်ပေါက်များတွင် ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ် - ၁၉ ရောဂါအပြင် အခြားကူးစက် ရောဂါများ ဖြစ်ပွားလာပါက သီးခြား ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နိုင်ရန် အတွက် အထူးကုဆေးရုံတစ်ရုံ ဆောက်လုပ် နိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ပြည်နယ်၏ ကျန်းမာရေးအခန်း ကဏ္ဍ တိုးတက်မှုရှိစေရန် ဆောင်ရွက်မှုနှင့် အတူ ပြည်နယ်ပညာရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ကြိုးပမ်းဖော်ဆောင် လျက်ရှိရာ လေးနှစ်တာကာလအတွင်း အခြေခံ ပညာ ကျောင်းပေါင်း ၆၃၉၁ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများဆောင်ရွက်ပေး
ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများ ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သကဲ့သို့ ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် နေထိုင်ရေးကို ဖြည့် ဆည်းပေး နိုင်ရန်အတွက် အစိုးရဝန်ထမ်း များ အပါအဝင် ဝင်ငွေနည်းမိသားစုများအတွက် ဝယ်ယူနိုင်စွမ်းရှိသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ၊ ပြည်သူအငှားအိမ်ရာများနှင့် အစိုးရဝန်ထမ်းအိမ်ရာများကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
လေးနှစ်တာကာလအတွင်း ဝန်ထမ်း အိမ်ရာ၊ အငှားအိမ်ရာနှင့် အရောင်းအိမ်ရာ စုစုပေါင်းတိုက် ၆၃ လုံးနှင့် အခန်း ၁၀၃၀ ကို နေထိုင်ရေးအခက်အခဲရှိသည့် ပြင်ပ၊ အငြိမ်းစား ဝန်ထမ်းများနှင့် အငြိမ်းစားယူခါနီး ဝန်ထမ်းဟူ၍ အုပ်စုသုံးစုခွဲကာ စနစ်တကျ မဲနှိုက်ပြီး မိသားစုဦးရေ ၅၁၅၀ အတွက် အိမ်ရာများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အချုပ်အားဖြင့်ဆိုရလျှင် ပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကဏ္ဍစုံဘက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းလျက်ရှိသည်။ ပြည်နယ်အတွင်း လယ်ယာကဏ္ဍ အဆင့် မြှင့်တင်နိုင်ရေး၊ လမ်း၊ တံတားများ တည်ဆောက်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းများကို ပြည်နယ်အတွင်း ကြိုးပမ်းဖော်ဆောင်ရင်း ဖြင့် ဖွံ့ဖြိုးဝေစည်လာသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း


