မြိတ် ၁၇ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား အခြေခံစာသောက်ကုန်(၄)မျိုးကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ မြို့နယ်ရဲတပ်ဖွဲ့ဓမ္မာရုံတွင် မေလ(၁၇)ရက် နံနက်(၉)နာရီက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့သည်။
အခြေခံစားသောက်ကုန်(၄)မျိုးကို မြို့နယ်ရဲတပ်ဖွဲ့ဝင်(၁၆၀)ဦးအား တစ်ဦးလျှင် မြိတ်ဒေသကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ ဆန်(၅)ပြည်၊ ဆီ(၁)ဘူး၊ ခြောက်ဆွဲခြောက် (၅)ထုပ် ၊ ငါးသေတ္တာ(၅)ဗူးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဖက် ပူးပေါင်း ကော်မတီမှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို လွှတ်တော် ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့၍ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီ ဉက္ကဋ္ဌ ဒေါ်တင်တင်ထွေး က ဝမ်းမြောက်ဂုဏ်ပြုစကားနှင့် ထောက်ပံ့ပေးသည့်ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


