မင်းဘူး ၁၇  မေ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သာသနာ့နွယ်ဝင်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် မင်းဘူး (စကု)မြို့နယ်မှ ရဟန်းသံဃာ ၊ သီလရှင် အပါး ၇၂၀ အား တစ်ပါးလျင် ဝတ္ထုငွေ တစ်သောင်းကျပ်စီနှင့် ဆွမ်းဆန်စိမ်းဒါန ကုသိုလ်ပြုပွဲကို မင်းဘူးခရိုင်အားကစားကွင်း ခန်းမတွင် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

105722

 

မင်းဘူးမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၅၃ကျောင်း ၊ စကုမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်း တို့တွင် သီတင်းသုံးနေသော ကိုရင်ငယ် နှင့် ရဟန်းသံဃာ တော်များ ၊ သီလရှင်များအတွက် ဆန်တစ်တင်းခွဲ အိတ် ၇၂၀၊ ဆီပုံး ၇၂၀၊ ကြက်သွန်အိတ် ၇၂၀ ၊ ဝတ္ထုငွေ ၇၂ သိန်း တို့ကို အလှူရှင်များ၏ စုပေါင်းထည့်ဝင်မှုဖြင့် ရေစက်ချလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

" နှစ်စဉ် ကဆုန်လပြည့်နေ့မှာ ဆွမ်းဆန်စိမ်းအလှူပွဲ ပြုလုပ်ခဲ့ပေမယ့် COVIDဖြစ်လို့ ဒီနှစ် မလုပ်ဖြစ်ဘူး။ ဆရာတော်တွေ ၊ သီလရှင်တွေ အခက်အခဲဖြစ်မှာစိုးတာကြောင့် လှူနိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့တာပါ '' မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။

 

လှူဒါန်းပွဲသို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့် အလှူရှင်များ တက်ရောက်ခဲ့ပြီး ကိုယ်စားပြု ပင့်ဖိတ်ထားသော သံဃာတော်များကို ကိုဗစ်-၁၉  စည်းမျဉ်းများနှင့်အညီ ကပ်လှူမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ရေစက်ချပွဲအပြီးတွင် လှူဒါန်းပစ္စည်းများကို မော်တော်ယာဉ်များနှင့် တင်ဆောင်၍ သာသနာ့နွယ်ဝင်ကျောင်းများသို့ လိုက်လံဆက်ကပ်မှုများ ဆက် လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)