ကျောင်းကုန်း မေ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးလွင်က ကျောင်းကုန်းမြို့နယ် အစုအဖွဲ့သို့ လုပ်ကိုင်ခွင့်ပြု သော အင်းများအနက် ၂၀၂၀-၂၀၂၁ခုနှစ် အင်းရာသီ(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် အင်း လုပ်ကိုင်ခွင့်ကို ဒါးလယ်ကွင်း၊ စခန်းကြီး-လဟာကြိုက်-မကျီးစင်(၃)ဂရန်တွဲ၊ အရှေ့ချောင်း နှင့် ကညွတ်ကွင်းအင်းများမှ အစုအဖွဲ့များလျောက်ထားမှုကိုလည်းကောင်း၊ ကျန်ရှိသော အစုအဖွဲ့ (၁၅)ဖွဲ့ အင်းလုပ်ကိုင်ခွင့် လျောက်ထားမှုများ၊ စာရင်းရှင်အပ်ငွေစာအုပ် နောက်ဆုံးတင်ပြရမည့်နေ့ရက် သတ်မှတ်ပေးရန် ပြောကြားခဲ့ပြီး၊ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

ကျန်အင်းများအနေဖြင့် ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကြောင့် အစုအဖွဲ့များ ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေသဖြင့် ငွေစုစာအုပ်၊ စာရင်းရှင်အပ်ငွေ နောက်ဆုံးတင်ပြရမည့်ရက်ကို တစ်ပတ် နောက်ဆုတ်၍ မေလ ၂၂ ရက်နေ့အထိ စောင့်ဆိုင်းသွားမည်ဟုဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး၊ လျှောက်ထားသော စာရင်းရှင်အပ်ငွေ၊ ငွေစုစာအုပ် နောက် ဆုံးတင်ပြမည့်ရက်ကို ဇွန်လ(၂)ရက်နေ့သို့ သတ်မှတ် လိုက်ကြောင်း သိရသည်။

 

အခမ်းအနားသို့ မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးလွင်နှင့် ငါးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)