မလှိုင်   ၁၇  မေ 

 

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့   လှိုင်ရွှေဝါမော်တော်ယာဉ်အသင်းမှ ပြေးဆွဲနေသော   မလှိုင်-မိတ္ထီလာ  ၊  မလှိုင် -မန္တလေး၊  ခရီးသည်တင်ယာဉ်လိုင်းများကို မေ ၁၆ ရက် နေ့နံနက်ပိုင်းမှ စတင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည် ။

 

လှိုင်ရွှေဝါမော်တော်ယာဉ်အသင်းမှ ပြေးဆွဲနေသောခရီးသည်တင်  ယဉ်လိုင်းများကို ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေမှုကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ  မေလ ၁၅ ရက်ထိ ခေတ္ထယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းမှ စတင်၍  ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

 

 “ ကျွန်တော်တို့ လှိုင်ရွှေဝါ မော်တော်ယဉ်အသင်း က မလှိုင်- မိတ္ထီလာ နှင့် မလှိုင် -မန္တလေး၊  ခရီးသည် ပို့ဆောင်ရေး ယာဉ်နှစ်လိုင်းကို ဒီကနေ့ပဲ စတင်ပြေးဆွဲပါတယ် ၊ ဒီမနက်ပိုင်း မန္တလေးကို မှန်လုံ (၅)စီး ထွက်သွားပါပြီ  ၊ ခရီးသည်အသွားလာနည်းတာရယ် ၊ ဒီမနက်မှလိုင်းစပြေးတာကြောင့်  လောလော ဆယ် (၅) စီး ပဲရှိပါသေးတယ်။ အရင်က တစ်နေ့ကိုပုံမှန် (၁၅)စီးပြေးပါတယ် ။ ခရီးသည်တင်တဲ့ နေရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များနှင့်အညီ  ခရီးသည်ကို ပုံမှန်ထက် (၅၀) ရာနှုန်း လျှော့တင်ပြီး ယာဉ်စီးခကို လည်းနှစ်ဆ (၈ဝဝဝ ) ကျပ်နှုန်း တောင်းပါတယ်   ” ဟု   မလှိုင်မြို့ရှိ  မန္တလေး ဂိတ်မှ တာဝန်ရှိသူ ဦးမောင်နိုင်ကပြောပြသည် ။   အလားတူ မလှိုင်- မိတ္ထီလာ ခရီးသည်တင် လိုင်းကားကိုလည်း ယနေ့နံနက်ပိုင်းမှ စတင် ပြေးဆွဲခဲ့ပြီး ခရီးသည်ကို ပုံမှန်ထက် (၅ဝ) ရာနှုန်းလျော့တင်ပြီး ယာဉ်စီးခကို တစ်ဦးလျှင် (၂ဝဝဝ)ကျပ်နှုန်း နှစ်ဆတောင်းခံပြီး ပြေးဆွဲလျှက်  ရှိကြောင်းသိရသည် ။ 

   

ခရီးသည်တင် လိုင်းကားများ  ပြန်လည်ပြေးဆွဲပြီး   မြို့တွင်းရှိ ဈေးဆိုင်များ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍  ပြန်လည်  ဖွင့်လှစ်ရောင်းချ နေသော်လည်း ကိုဗစ် -၁၉ ရောဂါကြောင့် လူအသွားအလာ နည်းပါးလျှက်ရှိကြောင်း သိရသည် ။     

                                                              

အောင်ဌေး (မလှိုင်)