ရန်ကုန် ၁၇ မေ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ကုလသမဂ္ဂကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ စီမံခန့်ခွဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် PPEဝတ်စုံပြည့်များ၊ ပိုးသတ်ဆေး များနှင့် ဆေးပစ္စည်းများ ဒုတိယအကြိမ်ကို ယနေ့ နံနက် ဝ၉၅၅ နာရီတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်၊ကုသရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ စီမံခန့်ခွဲမှုဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်ဖြင့် တင်ဆောင်လာသည့် ပစ္စည်းများဖြစ်သော PPE ဝတ်စုံပြည့် ၃၀ဝ၀ ကျော်နှင့် ပိုးသတ်ဆေး(၃)ယူနစ်၊ World Health Organization (WHO)၏ပစ္စည်းများဖြစ်သော ဆေးပစ္စည်းများ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄)သောင်းကျော် တန်ဖိုးရှိ ပစ္စည်းများ ရောက်ရှိခဲ့သည်။
ရောက်ရှိလာသည့် ပစ္စည်းများကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၏ သိုလှောင်ရုံသို့ ပို့ဆောင်ပြီး ထရပ်ကားများဖြင့် WFP လက်တွေ့လုပ်ငန်း လုပ်ဆောင်နေသော ဒေသများရှိ နယ်ခံဝန်ထမ်းများ၊ ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းများနှင့် ဒေသခံလူထုအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ဒုတိယဌာနေ ကိုယ်စားလှယ်၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် Mr.Walid Ibrahim ထံမှ သိရသည်။
World Health Organization (WHO)၏ ဆေးပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်ဆင့် ရန်ကုန် အမျိုးသားဓာတ်ခွဲဌာနသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို၊ ဇင်ငြိမ်းအိ(ပြန်/ဆက်)


