ရန်ကုန်  ၁၇  မေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မေလ ၁၇ ရက် နံနက် ၉ နာရီ၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိရေး တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကျန်းမာရေးစစ်တမ်းကွင်းဆင်း ကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဝန်ကြီးချုပ်နှင်ဝန်ကြီးများသည် တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် ၁၆၄ လမ်း  ၊ မေတ္တာညွန့်ရပ်ကွက်ရှိ လက်ဝဲမင်းဒင်လမ်းတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့မှ ကျန်းမာရေးစစ်ဆေးသည့် စက်ပစ္စည်းများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် တစ်ဦးချင်းကျန်းမာရေးစစ်ဆေးနေမှုများကို  ကြည့်ရူ့စစ်ဆေးခဲ့ကြပြီး တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့သည်။


စစ်တမ်းကောက်ယူရာတွင် သတ်မှတ်စုရပ် ၄ နေရာတွင် ထားရှိသည့် ကျန်းမာရေးစစ်ဆေးသည့်စက်ပစ္စည်းများ တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် စစ်ဆေးပေးလျက်ရှိကြောင်းနှင့် တာမွေမြို့နယ်အတွင်း ရပ်ကွက် ၁၆ ရပ်ကွက်၊ အိမ်ထောင်စု ၂၆၇၅၂စု၊ လူဦးရေ ၁၁၆၇၄၉ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးကာ ကျန်းမာရေး စစ်တမ်း ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများသည် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးအစည်းအဝေးခန်းမတွင် ကိုဗစ် - ၁၉ ကူးစက်ပြန့်နှံ့မှုမရှိရေး အင်းစိန် ၊ လှိုင်သာယာ ၊ တာမွေမြို့နယ်များရှိ ပြည်သူများအား ကျန်းမာရေးစစ်တမ်းကွင်းဆင်းကောက်ယူ စစ်ဆေးပေးခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန် / ဆက်)