မြို့သစ် ၁၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ယူးချောင်းတံတားကမ်းပါးပြို ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကမ်းထိန်းနံရံနှင့်ရေကာတာတည် ဆောက်ခြင်းလုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ယူးချောင်းတံတားကမ်းပါးပြို ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၉၀ ဖြင့် အလျား ပေ ၁၁၀ဝ ရှိ Stone Gabion ကမ်းထိန်းနံရံနှင့် အလျားပေ ၂၀ဝ ရှိ ကျောက်ဖြည့်သံခြင်း ရေကာတည် ဆောက်ခြင်းကို တင်ဒါအောင်မြင်သည့် Silver Gate Co.,ltd မှ တာဝန်ယူတည်ဆောက်လျက်ရှိ သည်။
မြို့သစ်မြို့၊ ယူးချောင်းတံတား ကမ်းပါးပြို ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန် ယူးချောင်းတံတား၏ အထက်ဖက် ဝဲဘက်ခြမ်းတွင် ပေ ၉၀ဝ၊ အောက်ဖက်ဝဲဘက်ခြမ်းတွင် ပေ ၂၀ဝ၊ စုစုပေါင်း ပေ ၁၁၀ဝ အား ကမ်းထိန်းနံရံတည်ဆောက်ပြီး ယင်းကမ်းထိန်းနံရံ၏ အထက်ဖက် ပေ ၂၈၀ အကွာတွင် ကျောက်ဖြည့်သံခြင်း ရေကာတာပေ ၂၀ဝ အား မူရင်းရှိသည့်ရေလမ်း ကြောင်းမှ ၁၃၅ ဒီဂရီချိုးပြီး ရေစီးကြောင်း ငြင်သာစွာ ပြောင်းလဲရေးအတွက် ဆောင်ရွက်ထားပါကြောင်း၊ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ယခုမေလကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်းခွင်မှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေဇင်က ပြောသည်။
အဆိုပါ ယူးချောင်းတံတားသည် တမူး-စေတီ ကားလမ်းမကြီးတွင် တည်ရှိပြီး တမူးမြို့မှ ဟုမ္မလင်း၊ ခန္တီး၊ နာဂဒေသများသို့ သွားလာရာတွင်အရေးပါသည့် ပေ ၁၈၀ အထက် တံတားတစ်စင်းဖြစ်ပြီး ကမ်းထိန်း နံရံနှင့် ရေကာတာ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တံတားအနီးရှိ လယ်ယာမြေများ ရေတိုက်စားမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ တံတားရေတိုက်စားမှု ကာကွယ်ပေးနိုင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ထိခိုက်ပျက်စီးမှု မရှိစေရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)


