ထန်းတပင် ၁၇ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများမှ ကြိုတင် ကာကွယ် သွားနိုင်ရန်အတွက် Driving Myanmar Group (ထန်းတပင်) DMG မှ နှာခေါင်းစည်း အခု (၅ဝဝ)နှင့် ထန်းတပင်မြို့မပရဟိလူငယ်များအဖွဲ့မှ (စေတနာအလှူရှင်များကိုယ်စား) နှာခေါင်း စည်းအခု (၉ဝဝ)တို့ကို မြို့နယ်အတွင်းရှိ ဈေး(၅)ခုတို့တွင် ယနေ့ နံနက်ပိုင်းက (အခမဲ့) လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နှာခေါင်းစည်း (Mask)များ(အခမဲ့)ဖြန့်ဝေပေးရာတွင် အေးရွာလေးကျေးရွာဈေး၊ ရွာသစ်ကျေးရွာ ဈေး၊ ကျိုက္ခနာ ကျေးရွာဈေး၊ ပန်းတိုင်ကျေးရွာဈေး၊ ထန်းတပင်မြို့မဈေးတို့ရှိ ဈေးသည်များနှင့် ဖြတ် သန်းသွားလာနေကြသူများအား Driving Myanmar Group (ထန်းတပင်) DMG နှင့် ထန်းတပင်မြို့မ ပရဟိတ လူငယ်အဖွဲ့ဝင်များက နှာခေါင်းစည်း Mask များဖြန့်ဝေပေးခဲ့ကြကာ နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလာစာရထံသို့ နှာခေါင်းစည်း Mask အခု (၁ဝဝ) ကို တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးနှင့် Driving Myanmar Group (ထန်းတပင်) DMG တာဝန်ခံ ကိုသိန်းဇော်မြင့်တို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ဈေးများသို့ နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေရာသို့ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှူဆောင် အရာရှိ ဒေါ်ခင်ခင်ဌေးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


