မင်းဘူး ၁၇    မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း မင်းဘူးမြို့နှင့် စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း အပါး (၇၂၀) အတွက် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ နဝကမ္မဝတ္တုငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မင်းဘူးခရိုင် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဉီးစွာ အခမ်းအနားတွင် မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မင်းဘူးမြို့နယ် ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး မင်းဘူးခရိုင် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဉီးစန်းဌေးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

           

ကျွန်တော်တို့ မင်းဘူးခရိုင်အနေနဲ့ မင်းဘူးမြို့နှင့် စကုမြို့ဆိုပြီးရှိပါတယ်၊ မင်းဘူးမြို့ မှာ ဘုန်းကြီးကျောင်း ၅၃ ကျောင်းရှိပြီး၊ စကုမြို့မှာတော့ ၃၁ ကျောင်းရှိပါတယ်၊ သီလရှင် စာသင်တိုက် ပေါင်း ၁၇ ကျောင်းရှိပြီး၊ ကျောင်းတိုက်ပေါင်း တစ်ရာကျော်မှာ ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၇၂၀ ရှိပါတယ်၊ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေမှာ ဆွမ်းဆန်စိမ်း အလှူခံကြွပါတယ်၊ တစ်မြို့လုံး လှည့်လည်ပြီး မြို့သူ/မြို့သူများကလည်း လောင်းလှူကြပါတယ်၊ ဒီနှစ်ကတော့၊ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းဆန်စိမ်း အလှူခံကြွလို့ မရတဲ့ အတွက်ကြောင့် ဆရာတော်များနဲ့ သီလရှင်များ အားလုံး ဝါတွင်းသုံးလ ကာလပတ်လုံးမှာ ဆွမ်း၊ကွမ်း အခက်အခဲများမဖြစ်ပေါ်စေဖို့အတွက် ခရိုင်အတွင်း တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့မိ/ မြို့ဖများ၊ အနယ်နယ်အရပ်ရပ်က စေတနာရှင်အလှူရှင်များနဲ့ တိုင်ပင်ပြီး လှူဒါန်းဖြစ်ခဲ့တာပါ၊ ဆန်အိတ်၊ ဆီသုံးပိဿာဝင်ပုံး၊ ကြက်သွန်နီ၊ ကုလားပဲ၊ နဝကမ္မအလှူငွေ တစ်ပါးကို တစ်သောင်းကျပ်နှုန်းနဲ့ အပါး(၇၂၀)စာ အလှူခံရရှိပြီး စုစုပေါင်းလှူဒါန်းငွေကျပ် (၃၆၁) သိန်းကျော် အလှူခံရရှိပြီးတော့ ရေစက်ချလှူဒါန်းပေးသွားမှာဖြစ်ပါတယ်၊ လူစုလူဝေး မဖြစ်စေဖို့ သက်ဆိုင်ရာ ကျောင်းတိုက် တစ်ရာကျော်ကို စနစ်တကျနဲ့ ကျောင်းတိုက်အရောက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ် ဟု မင်းဘူးခရိုင်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ ဦးစန်းဌေးက ပြောပါသည်။

 

အဆိုပါ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌ ဉီးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးဝေဇင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ ခရိုင်ရဲတပ်မှူး ယာယီဒုရဲမှူးကြီး စိုးမင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် မြို့ပေါ်ရှိလူမှုရေးအသင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး၊ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းဘူးမြို့ရှိ “ဆည်းဆာရိပ်တို့၏ ခိုလုံရာ ဘိုးဘွာရိပ်သာ တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း (မင်းဘူး) ၊  မောင်မောင် (မင်းဘူး)