မူဆယ်   ၁၇   မေ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများအနေဖြင့် မိမိ၏ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ကြစေရန် သီးနှံမျိုးစေ့(၅)မျိုးနှင့် ကွန်ပေါင်းဓါတ်မြေဩဇာများကို ယမန်နေ့‌မေလ(၁၆) ရက်နံနက်ပိုင်းက မူဆယ်မြို့၊ ရပ်ကွက်(၉)ရပ်ကွက်မှ ရပ်ကွက်နေပြည်သူများထံ  အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးစီမံကိန်းသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကာလအတွင်း၌ ဒေသခံပြည်သူများအနေဖြင့် အိမ်ပြင်မထွက်ဘဲ မိမိနေအိမ်အတွင်း  နေထိုင်ကာ အာဟာရ ပြည့်ဝသော ဟီးသီးဟင်းရွက်များနှင့် ရောဂါအန္တရာယ်ကင်းစင်သည့် သီးပင်စားပင်များ ရရှိနိုင်စေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခမဲ့လိုက်လံဖြန့်ဝေပေးခြင်း ဖြစ်သည်ဟု မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က ပြောသည်။

 

“ကိုဗစ်-၁၉ရောဂါကြိုတင်ကွယ်ရေးကာလအတွင်းမှာ ဒေသခံမိဘပြည်သူတွေအနေနဲ့ လူစုလူဝေး ရှောင်ရှားဖို့လိုအပ်ပါတယ်၊ အိမ်ပြင်မထွက်ဘဲ ကိုယ့်ရဲ့နေအိမ်မှာ နေထိုင်ရင်း စိုက်ပျိုးတာ ဖြစ်တဲ့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ရောဂါအန္တရာယ် ကင်းစင်တဲ့ အသီးအရွက်တွေ ရရှိမှာဖြစ်ပါတယ်၊  ဖြန့်ဝေပေးတာတွေကတော့ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်း၊ ကိုက်လန်နဲ့ ကန်စွန်းရွက် သီးနှံမျိုးစေ့တွေ ဖြစ်ပါတယ်”ဟု သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းအကြောင်းကို ဦးမင်းမင်းအောင်က ရှင်းပြသည်။

 

မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ဝယ်ယူရာတွင် တွေ့ကြုံရမည့် အခက်အခဲ ပြဿနာများကို ဖြေရှင်း နိုင်မည်ဖြစ်ပြီး ဒေသခံမိဘပြည်သူများအတွက် အကျိူးကျေးဇူးများစွာ ရရှိနိုင်သည်ဟု တော်ရွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မြင့်က ပြောသည်။

 

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုကပ်ရောဂါဆိုးကာလမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ဖို့ သီးနှံမျိုးစေ့တွေကို လက်ရောက်ဖြန်ဝေပေးတဲ့အတွက် အရမ်း ကျေးဇူးတင်တယ်၊ ရောဂါကြိုတင်ကာကွယ်ရာမှာ အထောက်အပံ့တွေ ဖြစ်စေနိုင်သလို မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်တွေ ဝယ်ယူရာမှာ တွေ့ကြုံရမယ့် အခက်အခဲ ပြဿနာ တွေကိုလည်း ဖြေရှင်း ပေးနိုင်မှာ ဖြစ်တဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်”ဟု ဦးစိုင်းကျော်မြင့်က၎င်း၏ သဘောထားအမြင်ကို ပြောပြသည်။

 

သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးရာတွင်‌ ဒေသခံပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သီးနှီးမျိုးစေ့များစိုက်ပျိုးသည့် နည်းစနစ်၊ အပင်ပြုစုခြင်းနှင့် လိုအပ်သော စိုက်ပျိုးနည်းပညာများကို မူဆယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)