ရန်ကုန် ၁၇ မေ
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။
ယနေ့ ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က``ဒီနေ့ ခရီးစဉ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ WFP ကဝယ်ထားတဲ့ပစ္စည်းတွေပါသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကဝယ်ထားတဲ့ ပစ္စည်းတွေလည်း ပါတယ်။ WFP က ဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ မြေပြင်မှာ လက်တွေ့ ဆောင်ရွက် နေတဲ့ အကျုံးဝင်သူတွေ အကာအကွယ်ဖြစ်အောင် အသုံးပြုနိုင်ဖို့ မိမိတို့ အစီအစဉ်နဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပစ္စည်းတွေ ကို နိုင်ငံတကာကနေ ဝယ်ယူပြီး အခုလို လေကြောင်းလိုင်းအစီအစဉ်နဲ့ သယ်ယူပို့ ဆောင်ခြင်းဟာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် များစွာအထောက်အကူဖြစ် လိမ့်မယ်လို့မျှော်လင့်ပါတယ်´´ ဟုပြောသည်။
ယနေ့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာသော ပစ္စည်းများမှာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဝယ်ယူထားသော တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ အပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)ကဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ပြီး ယင်းပစ္စည်းများ၏ စုစုပေါင်း ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀ဝ၀ဝ ကျော်ရှိကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကဝယ်ယူထားသော အထောက်အကူပြု ပစ္စည်းများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို မြေပြင်တွင် လက်တွေ့ ကွင်းဆင်း ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များထံ ၎င်းတို့၏ အစီအစဉ်ဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ဝယ်ယူထားသော ဆေးဝါး ပစ္စည်းများ အား WHO ၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့် အတွက် ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP)၏ ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာ ထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ဖြင့် ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ခရီးစဉ်မှာ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး ထောက်ပံ့ကူညီမှု ပစ္စည်းများ သယ်ဆောင်ရန် လေကြောင်းခရီးစဉ်များ၏ ကုန်ကျငွေများကို ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ငွေကြေးကူညီမှုဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါလေကြောင်း ပျံသန်းမှုခရီးစဉ် တစ်ကြိမ်တွင် လူသားချင်းစာနာ ထောက် ထားမှု အကူအညီ ပစ္စည်းများ (၂ မက်ထရစ်တန်အထိ)မြန်မာနိုင်ငံသို့ တင်ဆောင်သယ် ယူနိုင်မည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု အကူအညီပေးရေးအဖွဲ့များ၏ ဝန်ထမ်းများ ကိုလည်း သယ်ယူပို့ဆောင်ပေးနိုင် မည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုအနေဖြင့် မေ ၁၀ ရက်တွင် ပထမဆုံးအကြိမ် ခရီးစဉ် အဖြစ် Gavi (Global Alliance for Vaccines and Immunisation) အဖွဲ့၏ ထောက်ပံ့မှု၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများ ကို သယ် ဆောင်ခဲ့ခြင်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ် ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာ ပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်းနှင့်ကျန်းမာရေးဆိုင်ရာ အထောက် အကူပြု ပစ္စည်းများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
သတင်း-ဇော်ကြီး ၊ ဓာတ်ပုံ-ဖေဇော်


