ဟိုင်းကြီးကျွန်း ၁၇ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြင်ထွက်သည့် အခါတိုင်း Mask များ တပ်ဆင်သွားလာကြစေရန် နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ယမန်နေ့နက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းများ၊ ဈေးများသို့ သွားလာနေကြသည့် ဒေသခံများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆွေးနွေးခြင်းနှင့် Mask များ တပ်ဆင်သွားလာကြစေရေး ဆောင်ရွက်ခဲ့သည်။
နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာကြရန်အတွက် ယခု ၁၆ ရက်မှ ၂၀ ရက်နေ့အထိ အသိပညာပေး ကာလအဖြစ် သတ်မှတ်ထားပြီး ယင်းကာလနောက်ပိုင်းတွင် နှာခေါင်းစည်း(Mask) များ မတပ်ဆင်ပဲ နေအိမ်ပြင်ပသို့ သွားလာကြသူများကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးတွေ့ရှိပါက Mask သုံးခုကို သုံးထောင်ကျပ်နှုန်းဖြင့် ဝယ်ယူကြရမည်ဖြစ်ပြီး “အခုဝယ်၊ အခုတပ်” စနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်းဒေသအတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပေးနှိုးဆော်မှုများကို နေရာအနှံ့ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


