ငါ့သရောက် ၁၇ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ရှိ ကျေးလက်တောင်သူများ မိုးကြိုအဖြစ် မြေပဲနှင့် နှမ်းများ ကြဲပက်စိုက်ပျိုးထားရာ မိုးမရွာသေးခြင်းကြောင့် အပင်ပေါက်ပြီးသား မြေပဲပင်ပေါက်များ ပျက်စီးခြင်းနှင့် နှမ်းများမပေါက်ခြင်း၊ ပေါက်ပြီးသားနှမ်းများ အပင်သေကုန်ကြောင်း ငါ့သရောက်မြို့ ကျေးလက်တောင်သူမျာထံမှ သိရသည်။
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် ဧပြီ ၂၃ ရက်နေ့ ညပိုင်းက မိုးအနည်းငယ် ကျရောက်ခဲ့ခြင်းကြောင့် ငါ့သရောက်မြို့နယ် ကျေးလက်တောင်သူများ နောက်မိုးမျှော်မှန်းပြီး မြေပဲစိုက်ပျိုးခြင်း၊ နှမ်းကြဲခြင်းများဖြင့် တောင်သူလုပ်ငန်းခွင်များ စတင်ဝင်ရောက်လုပ်ကိုင်ခဲကြရာ နောက်မိုးမလိုက်ခြင်းကြောင့် ပေါက်ပြီးသား မြေပဲပင်များ မိုးမရသဖြင့် သေကုန်ကြောင်း၊ နှမ်းစိုက်တောင်သူများလည်း အချို့နှမ်းအပင်မပေါက်ခြင်း၊ ပေါက်ပြီးသားနှမ်းခင်းများ ပျက်စီးကုန်ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။
ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် အပူပိုင်းဒေသမိုးနည်းရပ်ဝန်းတွင် တည်ရှိပြီး မိုးရာသီတွင်သာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြသည့် အရပ်ဒေသဖြစ်ကာ မိုးမကျမီထဲက စိုက်ပျိုးကြဲပက်ရန် ယာမြေများ ပြုပြင်ထွန်ယက် ထားခဲ့ကြောင်း မိုးသံ၊ လေသံကြားလျှင် နောက်မိုးမျှော်ကာ ကြိုတင်ကြဲပက် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
မြေပဲစိုက်ပျိုးလျှင် ပဲကြီးခေါ် ခြောက်လမြေပဲ စိုက်ပျိုးကြပြီး နှမ်းစိုက်ပျိုးလျှင် နှမ်းကြီးကြဲပက် စိုက်ပျိုးကြကာ နှမ်းနှင့်အတူ ပဲစင်းငုံပါ ရောစိုက်ကြကြောင်း၊ မိုးကြိုကြဲစိုက်ပျိုးသည့် သီးနှံများ မိုးလေဝသ ကောင်းမွန်လျှင် မြေပဲ၊ နှမ်းများ ဖြစ်ထွန်းလေ့ရှိကာ ယခုနှစ် မိုးကြိုကြဲ မြေပဲနှင့် နှမ်းများ နောက်မိုးမလိုက်ခြင်းကြောင့် သေကုန်ကြောင်း ကုလားတဲကျေးရွာ ဦးဝင်းသူ၏ ပြောပြချက်အရ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


