မူဆယ် ၁၇ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် ယနေ့ ညနေပိုင်းတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး မူဆယ်ရုံးခွဲနှင့် (၁၀၅)မိုင် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်မြို့နယ် မိုင်းယုကျေးရွာအုပ်စုအတွင်းရှိ အထက်နမ့်ဟွယ်ကျေးရွာ၊ ဘုန်းကြီးကျောင်း၊ မေတ္တာစံအိမ် မိဘမဲ့ဂေဟာနှင့် လူစည်ကားသည့် နေရာများ၊ ခြုံနွယ်ထူထပ်သည့် နေရာ၊ ရေမြောင်းများ၊ ချိုင့်ခွက် စသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
“အခုလို ပိုးသတ်ဆေးဖျန်းတယ်ဆိုတာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်၊ ပြီးတော့ ဒီအချိန်ဒီရာသီက မိုးဦးကာလဆိုတော့ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းလျောဝမ်းပျတ်ရောဂါ၊ ခြင်ကြောင့် ဖြစ်တဲ့ရောဂါ စသည့် ရောဂါတွေကို ကြိုတင်ကာကွယ်စေချင်လို့ပါ၊ ပြီးတော့ မည်သည့်ရောဂါမဆို ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးကောင်းမယ်ထင်လို့ပါ၊ ဒါကြောင့် ၁၀၅ မိုင် ကြက်ခြေနီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခုလို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ အချိန်အားလျော်စွာ သက်ဆိုင်ရာ ကျန်းမာရေး၊ လူမှုရေး၊ အခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးလည်း ပိုးသတ်ဆေးပက်ဖျန်းခြင်းများကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့” မြန်မာ-တရုတ် ချစ်ကြည်ရေး နာယက ဒေါ်စစ်စိန်က ပြောသည်။
သန့်ဇင်(မူဆယ်)


