ပြင်ဦးလွင် ၁၇ မေ

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း အသွားအလာ ကန့်သတ်ထားခြင်း၊ အဝင်အထွက် ပိတ်ပင်ထားခြင်း များကြောင့် ပြင်ဦးလွင်မြို့ရှိ  ရွှေစင်မင်း ပရဟိတ သီလရှင်စာသင်ကျောင်းသို့ နေ့စဉ်အလှူရှင်များ လာရောက်လှူဒန်းခြင်း မရှိဘဲ  နှစ်လနီးပါးမျှကြာမြင့်ခဲ့ပြီး ယခုအချိန်တွင် အလှူရှင်များ စတင်လှူဒါန်းလာကြပြီဖြစ်ကြောင်း တိုက်အုပ်ဆရာကြီး၏ ပြောပြချက်အရ  သိရသည်။

 

“ဒီရောဂါကြီးဖြစ်တဲ့အချိန်မှာ တပ်မတော်၊ လူမှုရေး၊ ဘာသာရေးအဖွဲ့တွေက လာရောက်လှူဒါန်းတာတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် နေ့စဉ် လှူဒါန်းနေကျ အလှူရှင်တွေတစ်ယောက်မှ ရောက်မလာကြတဲ့အပြင် အရင်တုန်းက ဘယ်နေ့ ဘယ်ရက်မှာ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆိုပြီး ရက်သတ်မှတ်ယူထားကြတဲ့ အလှူရှင်တွေလည်း ပေါ်မလာကြတော့ဘူး။ ဒီနေ့တော့ မန္တလေးမြို့က ကွယ်လွန်သူ ဆရာဦးဘုန်းနိုင် မိသားစုက အာရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း လာရောက်လှူဒါန်းကြတယ်။ ဒီလှူဒါန်းမှုက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပထမဆုံးလှူဒါန်းမှုပဲ” ဟု တိုက်အုပ်ဆရာကြီး၏ ပြောပြချက်အရ သိရသည်။

 

ပြင်ဦးလွင်မြို့ ရွှေစင်မင်း ပရဟိတသီလရှင်စာသင်ကျောင်း၌ ယခင်က သီလရှင်ဆရာလေးများနှင့် ကျောင်းသူလေးများ (၇၀၀) ဦးခန့်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ခိုင်းထားခဲ့ရာ ယခုအချိန်တွင် ဆရာလေးများနှင့် ကျောင်းသူပေါင်း (၂၇၀) ဦး၊ ဆရာမနှင့် အခြားဝန်ထမ်း (၂၈) ဦး၊ စုစုပေါင်း (၃၀၀) ခန့်ရှိနေကာ ဆရာမများ ဝန်ထမ်းများအား လစာ မပေးနိုင်သည့်အပြင် ကျောင်းတွင် စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိနေကြောင်း သိရသည်။

 

ထိုသို့ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန်အတွက် နေ့စဉ် အာရုဏ်ဆွမ်းတစ်နပ် ကျပ် နှစ်သိန်းငါးသောင်း၊ နေ့ဆွမ်းတစ်နပ် ကျပ်လေးသိန်း ငါးသောင်း ပါဝင်လှူဒါန်းနိုင်ပြီး တိုက်အုပ်ဆရာကြီး ဒေါ်ဟေမာနန္ဒီ (၀၉-၂၆၅၇၅၇၁၇၇) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သက်နိုင်(ပြင်ဦးလွင်)