လှိုင်းဘွဲ   ၁၇   မေ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ မိမိတို့ အိမ်ခြံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသောက်နိုင်ရေးအတွက် မျိုးစေ့များ ဖြန့်ဝေခြင်းကို မေ (၁၆) ရက် နံနက်ပိုင်း စတင်ကာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ဖြန့်ဝေရာတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ကျေးရွာ (၁၅) ရွာ အတွက် နံနံ၊ ရုံးပတီ၊ ပဲလင်းမြွေ၊ တိုင်ထောင်ပဲ၊ ခဝဲသီး၊ ကန်စွန်း၊ ချည်ပေါင်၊ ခရမ်း၊ မုန်လာ မျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် လူထူထပ်သော နေရာများသို့ သွားရောက် ဝယ်ယူစရာမလိုဘဲ မိမိတို့အိမ်ခြံဝင်းမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်း ထံမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)