လားရှိုး ၁၇ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့တို့မှ စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားဖြင့် မေ ၆ ရက်မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာ မေ ၁၇ ရက်၌ နေရပ်ပြန်ပြည်သူ အမျိုးသား (၂၃၃)ဦး၊ အမျိုးသမီး (၁၇၅)ဦး စုစုပေါင်း (၄၀၈)ဦးတို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၄၀၈)ဦးတို့တွင် မကွေးတိုင်းဒေသကြီးမှ (၈၈)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈၄)ဦး၊ ပဲခူး တိုင်းဒေသကြီးမှ (၄၂)ဦး ၊ နေပြည်တော်မှ (၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၄၀)ဦး၊ ကချင်ပြည်နယ်မှ (၆) ဦး၊ ချင်းပြည်နယ်မှ (၇)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၇၈)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃)ဦး၊ မွန်ပြည်နယ်မှ (၂)ဦးနှင့် ရခိုင်ပြည်နယ်မှ (၄၃) ဦးတို့ ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးရာတွင် စားသောက်နေထိုင်ရေးကိစ္စ၊ ကျန်းမာရေး စစ်ဆေးခြင်းကိစ္စများ၊ ညအိပ်တည်းခိုရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးခြင်းကို လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ စေတနာရှင် အလှူရှင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)


