နေပြည်တော်  ၁၇  မေ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေသောက်စနစ်များ ရေရှည်တည်တံ့ပြီး အကျိုးပြုနိုင်စေရေးအတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေ အကူအညီများရယူ၍ လည်းကောင်း လျာထားစီမံ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း (Agriculture Development Support Project- ADSP) ခေါင်းစဉ်အောက်မှ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးများနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတို့ရှိ ဆည်ရေသောက်ဧရိယာ (၈)ခုတွင် ရေသောက်စနစ် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဆည်မြောင်းစနစ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ဌာနနှင့်အတူ ပူးပေါင်းစီမံဆောင်ရွက်နိုင်မည့် ရေအသုံးပြုသူအဖွဲ့များ ခိုင်မာစွာ ဖွဲ့စည်းဆောင်ရွက် စေခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ဆည်ရေသောက် လယ်သမားများအား ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ တွင် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်း များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

အထက်ပါ စီမံကိန်း(၈)ခုတွင် (၁)ခုအပါအဝင်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နှင့် စဉ့်ကိုင် မြို့နယ်အတွင်းရှိ ဇီးတောရေလွှဲဆည်နှင့် ရေသောက်စနစ်တို့မှာ  တည်ဆောက်ပြီးစီးခဲ့သည့် သက်တမ်းအားဖြင့် နှစ်ပေါင်း (၉၅) နှစ်ခန့် ကြာမြင့်၍ နှစ်ကာလကြာရှည်စွာ အသုံးပြုပြီးဖြစ်သဖြင့် ရေပေးတူးမြောင်းများနှင့် တူးမြောင်း အဆောက်အအုံများမှာ ယိုယွင်းပျက်စီးကာ စိစစ်ပြီး ဆည်ရေသောက်ဧရိယာ (၂၄၇၅၀) ဧကခန့်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်သည့် အခြေအနေမရှိတော့ပေ။ လက်ရှိ ရေပေးဝေနေသော တူးမြောင်းများမှာ သဲနုန်းဆန်သော မြေသားမြောင်းများဖြစ်သဖြင့် လည်းကောင်း၊ နှစ်ကာလ ကြာမြင့်ပြီဖြစ်သောကြောင့် လည်းကောင်း ဒီဇိုင်းပုံစံကျမရှိတော့သဖြင့် မြောင်းဆုံး မြောင်းဖျား ရေရောက်ရှိရန် ခက်ခဲလျက်ရှိသောကြောင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပြီး တူးမြောင်းပုံစံကျ ပြုပြင်ရန် လိုအပ်လျက်ရှိသည်။

 

ထို့ပြင် တူးမြောင်းရေပေး အဆောက်အအုံများမှာလည်း ယိုယွင်းပျက်စီးလျက်ရှိပြီး ရေပေးဝေရေးကို စနစ်တကျ ထိန်းချုပ်နိုင်သည့် ရေတံခါးရွက်များ မရှိသောကြောင့် ဆည်ရေကို ရေလှည့်စနစ်ဖြင့် စီမံခန့်ခွဲ ပေးဝေဆောင်ရွက်ရာ တွင် ထိရောက်ကောင်းမွန်စွာ ထိန်းညှိဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြည်လည်ပြုပြင် တည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိသည်။

 

မိုးနည်းရေရှားဒေသအတွင်း တည်ရှိသည့်အတွက် စိုက်ပျိုးရေအပြင် သောက်သုံးရေအတွက်ပါ အကျိုးပြုနိုင်စွမ်း ကြီးမားသော ဆည်ရေသောက်စနစ် တစ်ခုဖြစ်သည့်အတွက် ရေရှည်တည်တံ့ပြီး အကျိုးပြုနိုင်စေရန် ဦးစားပေး ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ လျာထားဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက စိစစ်ပြီး ဆည်ရေသောက်ဧရိယာ (၂၄၇၅၀) ဧကခန့်ကို ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း  သိရသည်။

 

ညီညီသန်း (နေပြည်တော်)