ရန်ကုန် ၁၇ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၅၀၀၀)ခုနှင့် ဆေးရုံသုံး ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ၌ သုံးစွဲနိုင်ရန်အတွက် Myanmar Thilawa SEZ Holdings Public Co.Ltd(MTSH)မှ ဆေးရုံသုံးပစ္စည်း တန်ဖိုးငွေကျပ် သိန်း(၁၀၀)ကျော်နှင့် Myanmar Agro Exchange Public Co.Ltd(MAEX) တညင်းကုန်း လက်ကားဈေးမှ နှာခေါင်းစည်း (၅၀၀၀)ခု တန်ဖိုးငွေကျပ် (၁၀)သိန်းတို့ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


