ရန်ကုန် ၁၇ မေ
ကိုဗစ်-၁၉ ကာလအတွင်း မြို့ပတ်ရထားများအား ခေါက်ရေလျော့ချ ပြေးဆွဲလျက်ရှိသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing ဖြစ်စေရေးအတွက် မနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန် ရထားများကို မေ ၁၈ ရက်နေ့မှစတင်၍ တွဲဆိုင်း (၃) ဆိုင်း ထပ်မံတိုးချဲ့၍ တစ်ရက်လျှင် ခေါက်ရေ (၄၀)အထိ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ လက်ထောက် အထွေထွေမန်နေဂျာ (သွားလာရေး/တိုင်း) ဦးဇော်လွင်ထံမှ သိရသည်။
မြန်မာ့မီးရထား၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်လွင်က “လက်ရှိ မြို့ပတ်နဲ့ ဆင်ခြေဖုံး ရထားပြေးဆွဲမှုက ရထားတွဲဆိုင်း (၅) ဆိုင်းနဲ့ ခေါက်ရေ (၂၈) ခေါက် ပုံမှန်ပြေးဆွဲနေတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ရုံးချိန် ရထားတွေက ခရီးသည်များတဲ့အခါမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Social Distancingပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ခပ်လှမ်းလှမ်း ခွာနေဖို့ဆိုတာကို အထောက်အကူ မဖြစ်ဘူး။ ထပ်မံတိုးချဲ့ပြေးဆွဲဖို့ လိုတယ်။ ဒါမှလည်း ခရီးသည်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထောက်အကူ ပြုမယ်ဆိုပြီး ရထားတွေ တိုးချဲ့ပြေးဆွဲခြင်း ဖြစ်ပါတယ်။ ဘယ်နေ့ စပြေးမလဲဆိုရင် မနက်ဖြန် မေ ၁၈ ရက်နေ့မှာ စတင်ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။ မေ ၁၈ ရက် တနင်္လာနေ့သည် ရုံးဖွင့်ရက်ဖြစ်တာကြောင့်ပါ” ဟု ပြောသည်။
ကိုဗစ်-၁၉ ကာလအတွင်း ရထားတွဲဆိုင်း ငါးဆိုင်းကို အသုံးပြုပြီး ခေါက်ရေ (၂၈) ခေါက် ပြေးဆွဲပေးနေပြီး နေ့စဉ် စီးနင်းသူ ခရီးသည် (၇၀၀၀) ခန့်ရှိသည်။ ရထားတွဲဆိုင်း သုံးဆိုင်း ထပ်မံတိုးချဲ့ အသုံးပြုပြေးဆွဲပါက ကိုဗစ်ကာလ အတွင်း ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှုသည် ရထားတွဲဆိုင်း ရှစ်ဆိုင်းဖြစ်ကာ ရထားပြေးဆွဲမှု ခေါက်ရေ (၄၀) အထိ ရှိလာမည် ဖြစ်သည်။
တိုးချဲ့ပြေးဆွဲသွားမည့် မြို့ပတ်ရထားလမ်းကြောင်း ပုံစံနှင့် ပတ်သက်၍ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်လွင်က “ခရီးသွားလာမှု များပြားတဲ့ ရန်ကုန်-လှော်ကား လမ်းပိုင်း တစ်စီးထပ်တိုးပါမယ်။ ရန်ကုန်-မင်္ဂလာဒုံ ဘက်အခြမ်းကိုလည်း တစ်စီးထပ်တိုးပါမယ်။ နောက်ထပ် ရန်ကုန်-တိုးကြောင်းလေး-အုတ်ဖိုစု လမ်းပိုင်းကိုလည်း တစ်စီး ထပ်တိုးပါမယ်။ မနက်ပိုင်းမှာ တစ်စီးစီ တိုးချဲ့ပြေးဆွဲမယ်။ ညနေပိုင်းမှာ တစ်စီးစီ တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုးချဲ့ပြေးဆွဲမည့် ရထားတွဲဆိုင်း သုံးဆိုင်း ထွက်ခွာမည့် အချိန်စာရင်းမှာ (၁) ရန်ကုန် - လှော်ကား လမ်းပိုင်းသည် လှော်ကားမှ မနက် ၇ နာရီ ၂၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၆ နာရီထွက်ခွာပြီး လှော်ကားသို့ ၇ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ (၂) အင်းစိန် - မင်္ဂလာဒုံ - ရန်ကုန်လမ်းပိုင်းတွင် အင်းစိန်မှ မနက် ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာ၍ မင်္ဂလာဒုံမှ ၈ နာရီ ၁ဝ မိနစ်တွင် ဆက်လက်ထွက်ခွာကာ ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပါမည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မင်္ဂလာဒုံသို့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ အင်းစိန်သို့ ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ (၃) ရန်ကုန် - တိုးကြောင်ကလေး -အုတ်ဖိုစုလမ်းပိုင်းတွင် အုတ်ဖိုစုမှ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၅ နာရီ ၅ဝ မိနစ်တွင် ထွက်ခွာပြီး အုတ်ဖိုစုသို့ ည ၇နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။
ဦးဇော်လွင်က “လှော်ကားဘက်ပိုင်းမှာ မနက်ပိုင်း နှစ်စီး စီ ပြေးဆွဲနေရာကနေ တစ်စီး ထပ်တိုးတဲ့အတွက် ရန်ကုန်-လှော်ကား ကြားမှာ သုံးစီး ဖြစ်ပါမယ်။ ပြေးဆွဲပေးတဲ့ သုံးစီးဟာ ရန်ကုန်ဘူတာကြီးကို ၁၅ မိနစ်စီခြားပြီး ဝင်ရောက်မှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာလည်း အလားတူ တစ်စီး ထပ်တိုးပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်-မင်္ဂလာဒုံ လမ်းပိုင်းမှာ နောက်ထပ် တစ်စီး ထပ်တိုးပြေးဆွဲပေးမှာ ဖြစ်တဲ့အတွက် ယခင် တစ်စီးကနေ နှစ်စီးဖြစ်ပါမယ်။ တစ်စီးနဲ့ တစ်စီးက မိနစ် (၂၀) စီခြားပြီး ရန်ကုန်ဘူတာကြီးကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်-တိုးကြောင်းကလေး -အုတ်ဖိုစု လမ်းပိုင်းမှာလည်း တစ်စီး ထပ်တိုးပေးထားတော့ ယခင် နှစ်စီးပြေးဆွဲရာကနေ အခု သုံးစီးဖြစ်သွားပါမယ်။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးသည် မိနစ် ၂၀ ခြားပြီး ရောက်ပါမယ်။ ဒုတိယ တစ်စီးနဲ့ တတိယ တစ်စီးကတော့(၁၀) မိနစ်သာခြားပြီး ရောက်ပါမယ်။ ဒါဆိုရင် ခရီးသည်တွေရဲ့ သွားရေးလာရေးကို ရုံးချိန်အမှီလည်း ဆောင်ရွက်နိုင်မယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လည်း အထောက်အကူ ပြုနိုင်ပါမယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှု မတိုင်ခင်အချိန်က နေ့စဉ် ရန်ကုန်မြို့ပတ်ရထား တွဲဆိုင်း (၂၁) ဆိုင်း အသုံးပြုပြီး တစ်ရက်လျှင် ရထားခေါက်ရေ (၁၆၈) ခေါက် နေ့စဉ်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်ဦးရေ ပျမ်းမျှ (၅၀၀၀၀) ခန့် စီးနင်းကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်း…ညွန့်ကိုကို ၊ ဓာတ်ပုံ-UZL


