နေပြည်တော် ၁၇ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ ကချင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက်လမ်း လမ်း/တံတား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို စီမံကိန်းလုပ်ငန်းနေရာများနှင့် Video Conferencing ဖြင့် တိုက်ရိုက်ချိတ်ဆက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်မောင်အုန်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းတွင် လမ်းအထူးအဖွဲ့ နှစ် ဖွဲ့၊ တံတားအထူးအဖွဲ့ တစ် ဖွဲ့နှင့် ကုမ္ပဏီ (၁၄) ဖွဲ့တို့မှ ကွန်ကရစ်ခင်းခြင်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မန္တလေး-လားရှိုး - ဗန်းမော်- မြစ်ကြီးနား လမ်းအပိုင်းတွင် ခရိုင်နှင့် ကုမ္ပဏီ ငါး ဖွဲ့ မှ Cement Stabilized ခင်းခြင်း၊ AC ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နမ္မတီး - တနိုင်း - ပန်ဆောင်လမ်းတွင် မြစ်ကြီးနားခရိုင်မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လှူဒါန်းထောက်ပံ့မှုတို့နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းအပိုင်း လက်ရှိ လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းတိုးတက်မှု၊ ကချင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

ကချင်ပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် လမ်းပမ်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အဓိကအရေးပါသည့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းတွင် လမ်းအထူးအဖွဲ့ (၂) ဖွဲ့၊ တံတားအထူးအဖွဲ့ (၁) ဖွဲ့နှင့် ကုမ္ပဏီ (၁၄) ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
အလားတူ မန္တလေး-လားရှိုး -ဗန်းမော်-မြစ်ကြီးနား လမ်းအပိုင်းတွင် ခရိုင်နှင့် ကုမ္ပဏီ (၅) ဖွဲ့တို့ဖြင့် ဆောင်ရွက်လျက် ရှိရာ ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး နမ္မတီး-တနိုင်း - ပန်ဆောင်လမ်းသည် ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကချင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးမင်းဆွေက မိုးညှင်းမြို့နယ်၊ နန့်မွန်း -ချောင်းဝ -ညောင်ပင်လမ်း (၁၆ ကီလိုမီတာ)နှင့် လယ်မှီး-ကွင်းကြီး - ဇီးကုန်းလမ်း (၂ ဒသမ ၆ ကီလိုမီတာ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝိုင်းမော်မြို့နယ်ရှိ ခတ်ချို-နောင်ပကပ် - ဇယ်ခမ်းလမ်း ( ၃ ဒသမ ၈ ကီလိုမီတာ) ၊ မုတ်လွဲ-ခတ်ချို - နောင်ဟီး-စန်းကား - တာစန်း ကျေးရွာချင်းဆက်လမ်း (၄ ဒသမ ၂ ကီလိုမီတာ) ၊ ဝါရှောင် - ဒိန်းဂျန်ယန် - ဂွေထုလမ်း( ၁ ဒသမ ၈၅ ကီလိုမီတာ ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ယင်းနောက် မိုးကောင်းမြို့နယ်ရှိ ပွင့်ဖြူ-ထုံးရည်ပေါက်လမ်း (၂ ဒသမ ၆ ကီလိုမီတာ)၊ အောက်ရှမ်းစုရွာလယ်လမ်း (၁ ဒသမ ၂ ကီလိုမီတာ ) ၊ ဆားမှော်-ထီးချိုင့် - တောင်နီလမ်း (၃ ဒသမ ၄ ကီလိုမီတာ ) ၊ နမ္မတီး - သူဌေးကုန်းလမ်း (၁ ကီလိုမီတာ) ၊ ပဲခူးစု -ဗန်းမော်ကုန်းလမ်း (၂ ကီလိုမီတာ)၊ အောက်ရေရှင် - ညောင်ကုန်းလမ်း (၂ ဒသမ ၆ ကီလိုမီတာ) ၊ ဆားမှော်-ပြွန်သုံးလုံးလမ်း (၄ ဒသမ ၄ ကီလိုမီတာ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ၊ မံစီမြို့နယ်ရှိ ကျော်ခေါင်-မံဖွ ကျေးရွာချင်းဆက်လမ်း (၀.၆ ကီလိုမီတာ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရွှေကူမြို့နယ်ရှိ တိန်းဟွန်း-ကုန်းနု - မဏိဩဂ-ဘိုကုန်း -သပြေလှ ကျေးရွာချင်းဆက်လမ်း (၇ ဒသမ ၂ ကီလိုမီတာ) အမာခံ လမ်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မြစ်ကြီးနားမြို့နယ်ရှိ လွယ်ခေါ-မလိခလမ်း (၁ ဒသမ ၆ ကီလိုမီတာ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဗန်းမော်မြို့နယ်ရှိ စင့်ကင်-တိန်းသော် ကျေးရွာချင်းဆက်လမ်း (၂ ဒသမ ၈ ကီလိုမီတာ) ကျောက်ချောခင်းခြင်းလုပ်ငန်း ၊ ပူတာအိုမြို့နယ်ရှိ မာမူးလဲ့-နမ်ဟော့ - လာဝါဒါးရွာလမ်း (၁ ဒသမ ၆ ကီလိုမီတာ) သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ဂျူဗလီ-မကပ်မုံလမ်း (၅ ဒသမ ၆ ကီလိုမီတာ) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ကချင်ပြည်နယ်အတွင်း Pilot Project အဖြစ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် တိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။
ကချင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကြိုးပမ်းမှုဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေး သွားလာနိုင်သောလမ်း ၃၀ ဒသမ ၉၈ ရာခိုင်နှုန်း ခန့်သာရှိခဲ့ရာမှ ယခုအခါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ရာသီမရွေး သွားလာနိုင်သောလမ်း ၃၁ ဒသမ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်ဆောင်ရွက် ပြီးစီးမည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောဇာနည်လှက ကချင် ပြည်နယ်အတွင်း “မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ” လမ်းပေါ်ရှိ တံတား ၇ စင်းရှိသည့်အနက် တည်ဆောက်ပြီး တံတားနှစ်စင်း ၊ တည်ဆောက်ဆဲ တံတားသုံးစင်း ၊ တည်ဆောက်ရန်ကျန်ရှိသည့် တံတားနှစ်စင်း ကိုလည်းကောင်း၊ “မဂွေဇ-ခေါင်လန်ဖူး” လမ်းပေါ်ရှိ တံတားနှစ်စင်းအနက် တည်ဆောက်ဆဲ တံတားတစ်စင်းနှင့် တည်ဆောက်ရန် ကျန်ရှိသည့် တံတား တစ်စင်း ကိုလည်းကောင်း ၊ “မချမ်းဘော့-ဖရုခ - ရပ်ဘော့ - နောင်မွန်”လမ်းပေါ်ရှိ တံတား လေးစင်း တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ဆက်လက်၍ “ မန္တလေး-လားရှိုး - ဗန်းမော်-မြစ်ကြီးနား” လမ်းပေါ်ရှိ တံတား လေးစင်း အနက် တံတားတစ်စင်း တည်ဆောက်ပြီးစီးမှုနှင့် တံတား သုံးစင်း တည်ဆောက်ရန် ကျန်ရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကချင်ပြည်နယ်အတွင်း အဓိကလမ်းမကြီး ဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအိုလမ်းသည် ယခင်က ဗွက်တန်းကြီးများဖြစ်ပြီး သွားလာရေးအလွန် ခက်ခဲပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းကို ခရိုင်အဖွဲ့၊ အထူးအဖွဲ့များနှင့် ကုမ္ပဏီအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက် မှုကြောင့် တိုးတက်မှုများကို တွေ့မြင်ရသည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မှ ဒေသဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၊ တံတားများ အရည်အသွေးပြည့်မီစွာဖြင့် ကောင်းမွန်ရန် လိုပါကြောင်း၊ လမ်းများစတင်ဆောင်ရွက်စဉ်ကပင် လမ်းအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လိုပါကြောင်း၊ မိုးတွင်းကာလ လမ်းပမ်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊ ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် ကျေးလက်လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်လက်၍လည်း လုပ်ငန်းများ တိုးတက်အောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း မှာကြားသည်။
သတင်းစဉ်


